ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ကို ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာပြည်နယ်၊ အက်မွန်တန်မြို့မှာ ဒေသအချိန် ဒီဇင်ဘာ ၃ ရက်က ပြသခဲ့ရာမှာ အလှမယ် ဟန်လေးအပါအဝင် ကနေဒါရောက် မြန်မာပြည်ဖွားတိုင်းရင်းသားတွေက ရာသီဥတု မကောင်းတဲ့ကြားက လာရောက် ကြည့်ရှုအားပေးခဲ့ကြပါတယ်။
National Unity of Ethnic Groups of Myanmar အဖွဲ့က ဦးဆောင်စီစဉ်ပြသတဲ့ ရုပ်ရှင်ပြပွဲကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ ကိုရီးယားမှတက်ကြွလှုပ်ရှားသူ မရွှေမိုး နဲ့ CDM ဗိုလ်ကြီး လင်းထက်အောင်တို့ကလည်း အွန်လိုင်းကနေ အမှာစကားတွေ ပြောကြားခဲ့ပါတယ်။
ကနေဒါနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာအလှမယ်ဟန်လေးကလည်း ဒီပွဲကို ကိုယ်တိုင်လာရောက်ကြည့်ရှုခဲ့ပြီး အားပေးစကားတွေ ပြောကြားသွားခဲ့ပါတယ်။
ရန်ပုံငွေရုပ်ရှင်ပွဲက ရလာတဲ့ အလှူငွေတွေကို မြန်မာနိုင်ငံအနှံ့ အရေးပေါ်လိုအပ်နေတဲ့ နေရာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ( MOD) မှတဆင့် ညှိနှိုင်းပြီး အမြန်ဆုံးပေးအပ်လှူဒါန်းသွားမယ်လို့ ပွဲစီစဉ်သူတွေထံက သိရါတယ်။
“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို CDM စစ်ဗိုလ်တစ်ဦးရဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ဒါရိုက်တာ ကိုပေါက်က တောတွင်းတစ်နေရာမှာ ဖုန်းကင်မရာကိုအသုံးပြု ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီရုပ်ရှင်ကို ကနေဒါနိုင်ငံ ဗန်ကူးဗား၊ တိုရန်တိုမြို့တွေမှာပြသခဲ့ပြီးဖြစ်လို ကမ္ဘာတဝန်း မြို့ပေါင်း ၃၀ ကျော်မှာ ပွဲပေါင်း ၅၀ ကျော်ပြသခဲ့ပြီးလည်း ဖြစ်ပါတယ်။
ကနေဒါရောက် မြန်မာအလှမယ်ဟန်လေးနဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားတွေ စုပေါင်းဖျော်ဖြေကြတဲ့ Star Power ရန်ပုံငွေရှာဂီတဖျော်ဖြေပွဲကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗားဒေသ၊ ဆာရေးမြို့ရှိ ကွန်မြူနတီစင်တာမှာ ဒေသအချိန် နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက ကျင်းပပါတယ်။
Myanmar Ethnic Group နဲ့ 2021 Burmese Action Group Vancouver (BAGV) အဖွဲ့တို့က စီစဉ်တဲ့ဒီပွဲမှာလူပေါင်းရာနဲ့ချီပါဝင်ဆင်နွှဲခဲ့ကြပြီး ဝါသနာရှင်တွေက တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေကြသလို ကံစမ်းမဲနှိုက်ပွဲနဲ့ မြန်မာစားသောက်ဖွယ်ရာမျိုးစုံ ဈေးရောင်းပွဲကိုလည်း ကျင်းပပါတယ်။
ဝင်ကြေး တယောက် ၁၀ ဒေါ်လာနဲ့ ကျင်းပတဲ့ ဒီဖျော်ဖြေပွဲက ရရှိလာတဲ့ ရန်ပုံငွေတွေကို နွေဦးတော်လှန်ရေး၊ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။