close

အလှူငွေကောက်ခံ

close

October 22, 2022

ထိုင်းအဆိုတော် မဲခေါင်မြစ်ကိုလက်ပစ်ကူးပြီး ဆေးရုံအတွက် အလှူငွေကောက်ခံ၊ ဘတ်သန်း ၆၀ နီးပါးရရှိ

 ထိုင်းနိုင်ငံက ထိပ်တန်းအဆိုတော် နဲ့ ရုပ်ရှင်သရုပ်ဆောင် တိုနိုဖားခင်းဟာ ဒီကနေ့ ( အောက်တိုဘာ ၂၂ ရက်) မှာ မဲခေါင်မြစ်ဟိုဘက်ကမ်း ဒီဘက်ကမ်းလက်ပစ်ကူးပြီး ဆေးရုံအတွက် အလှူငွေ ကောက်ခံခဲ့ရာမှာ ဘတ်သန်းပေါင်း ၆၀ နီးပါးရရှိခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

တိုနိုဖားခင်းဟာ ထိုင်းဘက်ကမ်း နခွန်းဖနုန်ခရိုင်၊ နခွန်းဖနုန်မြို့ မဲခေါင်မြစ်ဆိပ်ကမ်းကနေ ဒီကနေ့ မနက် ၁၀ နာရီခွဲလောက်က စတင်ကူးခတ်ပြီး နေ့ခင်း ၁၂ ခွဲလောက်မှာ လာအိုနိုင်ငံ ခမ်းမွန့် ခရိုင် ခမ်းမွန့်ဆိပ်ကမ်းကို ရောက်ရှိပါတယ်။ 

ထိုင်းဘက်ခြမ်းကနေ မထွက်ခွာခင် မြို့မိမြို့ဖနဲ့ ပရိသတ်တွေက ရိုးရာရေနတ်ပူဇော်ခြင်းအ ခမ်းအနားနဲ့ အားပေးခဲ့ကြသလို လာအိုနိုင်ငံကိုရောက်တော့လည်း လာအိုပြည်သူတွေက ဆိပ်ကမ်းမှာ တခဲနက်လာရောက်ကြိုဆိုအားပေးခဲ့ကြပါတယ်။ 

တိုနိုက နှစ်နိုင်ငံ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း၊ ဒီခရီးစဉ်ဟာ ထိုင်း နဲ့ လာအိုနိုင်ငံ ရဲ့ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုပြယုဒ်ဖြစ်ကြောင်း၊ အလှူငွေတွေဟ ာလည်း နှစ်ဘက်နိုင်ငံ ဆေးရုံအတွက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ညနေ ၃ နာရီကျော်မှာ လာအိုဆိပ်ကမ်းကနေ ပြန်လည်ကူးခတ်ထွက်ခွာလာရာမှာ ညနေ ၅ နာရီကျော်မှာ ထိုင်းဆိပ်ကမ်းကိုပြန်လည်ရောက်ရှိလာပါတယ်။ 

အသွားအပြန်ခရီးစဉ်ပေါင်း ရေကြောင်း ၁၅ ကီလိုမီတာဝေးကွာပြီး ရေထဲမှာ ၅ နာရီလောက်ကြာ မြင့်ပါတယ်။ သူရေကူးချိန်မှာ အရေးပေါ်ကယ်ဆယ်ဖို့ ရေကူးကျွမ်းကျင်သူ ၅ ဦး နဲ့ လှေ ၄ စီးက မလှမ်းမကမ်းကနေ လိုက်လံကူးခတ်စောင့်ရှောက်ခဲ့ပါတယ်။ ရေစီးသန်တဲ့နေရာတွေမှာ သူဟာ ဆက်မကူးနိုင်ဘဲ လှေအမြီးပိုင်းကို ကိုင်တွယ်ရပ်နားခဲ့ရတာလည်းရှိပါတယ်။ 

One Man and The River လို့ အမည်ပေးထားတဲ့ ဒီအစီအစဉ်ဟာ  ထိုင်း-လာအို နှစ်နိုင်ငံရှိ နွမ်းပါးတဲ့ ဆေးရုံတွေကို ဆေးဝါးကရိယာတွေလှူဒါန်းဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ 

ဒီမတိုင်ခင်ရှေ့က တိုနိုဖားခင်းရေကူးမယ့်ကိစ္စဟာ ရေကြီးတဲ့ချိန် ရေစီးသန်ချိန်လည်းဖြစ်လို့ အသက်အန္တရာယ်နဲ့ နီးစပ်တယ်၊ နာမည်ကြီးချင်ရင် ဒိပြင်နည်းလမ်းရှာ၊ ကယ်ဆယ်ရေးအဖွဲ့ တွေကို အလုပ်ရှုပ်အောင်မလုပ်နဲ့ စသဖြင့် ကန့်ကွက်သူတွေလည်းရှိခဲ့ပါတယ်။ 

ဒါပေမယ့် သူဟာ ဆုံးဖြတ်ချက်ကိုမပြင်ဘဲ တကယ်ဖြစ်မြောက်အောင်ကူးခတ်ခဲ့ရာမှာ ညနေ ၇ နာရီအထိ အလှူငွေ ဘတ်သန်းပေါင်း ၅၈ သန်းကျော်ရရှိပြီး ဆက်ပြီးတော့လည်း ငွေပမာဏတရိပ်ရိပ် တက်နေဆဲပဲဖြစ်ပါတယ်။ အဆိုပါအလှူငွေစာရင်းကို ဒီလကုန်မှပိတ်မယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၃ နှစ်ကလည်း တွန် ဘော်ဒီဆလဲမ် ဆိုသူ အမျိုးသားအဆိုတော်တဦးက ထိုင်းတောင်ပိုင်း အစွန်ဆုံး ယလားခရိုင် ပါဒန်ဘေဆာမြို့ကနေ ထိုင်းမြောက်ပိုင်းအစွန်ဆုံး  ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ထိ အကွာအဝေးပေါင်း ၂၂၁၅ ကီလိုမီတာကို မာရသွန်ပြေးခဲ့ရာမှာ ရက်ပေါင်း ၅၅ ရက်ကြာပြီး အလှူငွေဘတ်သန်းပေါင်း  ၁၅၀၀ ကျော်ရခဲ့ပါတယ်။ အဆိုပါငွေတွေကို ထိုင်းနိုင်ငံရှိ ဆေးရုံတွေကို အားလုံးလှူဒါန်းခဲ့ပါတယ်။

6 hours Ago

August 1, 2022

ဂျပန်တက္ကသိုလ်ကျောင်းသားများ မြန်မာနိုင်ငံအတွက် တိုကျိုမှာ အလှူငွေကောက်ခံ

ဂျပန်နိုင်ငံက ထိပ်တန်းနာမည်ကြီးတက္ကသိုလ်တွေဖြစ်တဲ့ Meiji University နဲ့ Sophia University တို့မှ ကျောင်းသားကျောင်းသူတွေက မြန်မာလူငယ်များအဖွဲ့နဲ့ ပူးပေါင်းပြီး စစ်ဘေးရှောင် တိုင်းရင်းသားပြည်သူတွေအတွက်  တိုကျိုမြို့ရဲ့ လူစည်ကားရာ ဂျီယူဂအိုခ ဘူတာရှေ့မှာ ဇူလိုင် ၃၁ ရက်က အလှူငွေကောက်ခံခဲ့ကြပါတယ်။

မြန်မာပြည်သူတွေ စစ်ကောင်စီလက်အောက်မှာ နေ့စဉ် အကြမ်းဖက် သတ်ဖြတ်ခံနေရပြီး ဒုက္ခရောက်နေရတာတွေ ကြားသိရလို့ အခုလို လာရောက်ပူးပေါင်းခဲ့တာပါလို့ မေဂျီတက္ကသိုလ်မှ တတိယနှစ်ကျောင်းသားတဦးက ဒီဗွီဘီကို ပြောပါတယ်။

မအင်ကြင်း လို့ မြန်မာအမည်ခံယူထားသူ Sophia တက္ကသိုလ်မှကျောင်းသူတဦးကလည်း “မြန်မာပြည်သူတွေ အားတင်းထားပါ။ မိမိတဦးတည်း မဟုတ်ကြပါဘူး၊ အားမလျော့ကြပါနဲ့ စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်အောင် ကမ္ဘာ့ပြည်သူတွေနဲ့အတူ ပူးပေါင်းတွန်းလှန်ကြရအောင်”လို့လည်း မြန်မာပြည်သူတွေကို သတင်းစကားပါးလိုက်ပါသေးတယ်။

မြန်မာလူငယ်အဖွဲ့မှ မသိရီသစ္စာက “မြန်မာနိုင်ငံကို မမေ့လျော့ပါဘူးလို့ အဓိပ္ပာယ်ရတဲ့ ဆိုင်းဘုတ်ကို ကိုင်စွဲပြီး မြန်မာလူငယ်အဖွဲ့နဲ့ ပူးပေါင်းအလှူငွေကောက်ခံခဲ့တာ  ယန်း ၃ သိန်းနီးပါး (မြန်မာငွေ ကျပ်သိန်း ၅၀ ခန့် ကောက်ခံရရှိကာ) ရရှိခဲ့တယ်။ အလှူငွေတွေ အားလုံးကို NUG အသိအမှတ်ပြုထားတဲ့ မှန်ကန်တဲ့ အဖွဲ့အစည်းတွေကနေတဆင့် ကရင်နီဒေသသို့ ပေးပို့လှူဒါန်းသွားမှာ ဖြစ်ပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဂျပန်ရောက်မြန်မာနိုင်ငံသားတွေဟာ အကြမ်းဖက်စစ်ကောင်စီအောက်က လွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ပုံစံအမျိုးအမျိုးနဲ့ ဆောင်ရွက်နေကြသလို  စစ်ဘေးရှောင်ဒုက္ခသည်တွေအပြင် မြန်မာပြည်သူတွေအတွက် လူစည်ကားရာနေရာတွေမှာ အလှူငွေကောက်ခံနေကြတာ ဖြစ်ပါတယ်။

3 months Ago
Up