close

ထိုင်းအဆိုတော် မဲခေါင်မြစ်ကိုလက်ပစ်ကူးပြီး ဆေးရုံအတွက် အလှူငွေကောက်ခံ၊ ဘတ်သန်း ၆၀ နီးပါးရရှိ

 ထိုင်းနိုင်ငံက ထိပ်တန်းအဆိုတော် နဲ့ ရုပ်ရှင်သရုပ်ဆောင် တိုနိုဖားခင်းဟာ ဒီကနေ့ ( အောက်တိုဘာ ၂၂ ရက်) မှာ မဲခေါင်မြစ်ဟိုဘက်ကမ်း ဒီဘက်ကမ်းလက်ပစ်ကူးပြီး ဆေးရုံအတွက် အလှူငွေ ကောက်ခံခဲ့ရာမှာ ဘတ်သန်းပေါင်း ၆၀ နီးပါးရရှိခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

တိုနိုဖားခင်းဟာ ထိုင်းဘက်ကမ်း နခွန်းဖနုန်ခရိုင်၊ နခွန်းဖနုန်မြို့ မဲခေါင်မြစ်ဆိပ်ကမ်းကနေ ဒီကနေ့ မနက် ၁၀ နာရီခွဲလောက်က စတင်ကူးခတ်ပြီး နေ့ခင်း ၁၂ ခွဲလောက်မှာ လာအိုနိုင်ငံ ခမ်းမွန့် ခရိုင် ခမ်းမွန့်ဆိပ်ကမ်းကို ရောက်ရှိပါတယ်။ 

ထိုင်းဘက်ခြမ်းကနေ မထွက်ခွာခင် မြို့မိမြို့ဖနဲ့ ပရိသတ်တွေက ရိုးရာရေနတ်ပူဇော်ခြင်းအ ခမ်းအနားနဲ့ အားပေးခဲ့ကြသလို လာအိုနိုင်ငံကိုရောက်တော့လည်း လာအိုပြည်သူတွေက ဆိပ်ကမ်းမှာ တခဲနက်လာရောက်ကြိုဆိုအားပေးခဲ့ကြပါတယ်။ 

တိုနိုက နှစ်နိုင်ငံ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း၊ ဒီခရီးစဉ်ဟာ ထိုင်း နဲ့ လာအိုနိုင်ငံ ရဲ့ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုပြယုဒ်ဖြစ်ကြောင်း၊ အလှူငွေတွေဟ ာလည်း နှစ်ဘက်နိုင်ငံ ဆေးရုံအတွက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ညနေ ၃ နာရီကျော်မှာ လာအိုဆိပ်ကမ်းကနေ ပြန်လည်ကူးခတ်ထွက်ခွာလာရာမှာ ညနေ ၅ နာရီကျော်မှာ ထိုင်းဆိပ်ကမ်းကိုပြန်လည်ရောက်ရှိလာပါတယ်။ 

အသွားအပြန်ခရီးစဉ်ပေါင်း ရေကြောင်း ၁၅ ကီလိုမီတာဝေးကွာပြီး ရေထဲမှာ ၅ နာရီလောက်ကြာ မြင့်ပါတယ်။ သူရေကူးချိန်မှာ အရေးပေါ်ကယ်ဆယ်ဖို့ ရေကူးကျွမ်းကျင်သူ ၅ ဦး နဲ့ လှေ ၄ စီးက မလှမ်းမကမ်းကနေ လိုက်လံကူးခတ်စောင့်ရှောက်ခဲ့ပါတယ်။ ရေစီးသန်တဲ့နေရာတွေမှာ သူဟာ ဆက်မကူးနိုင်ဘဲ လှေအမြီးပိုင်းကို ကိုင်တွယ်ရပ်နားခဲ့ရတာလည်းရှိပါတယ်။ 

One Man and The River လို့ အမည်ပေးထားတဲ့ ဒီအစီအစဉ်ဟာ  ထိုင်း-လာအို နှစ်နိုင်ငံရှိ နွမ်းပါးတဲ့ ဆေးရုံတွေကို ဆေးဝါးကရိယာတွေလှူဒါန်းဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ 

ဒီမတိုင်ခင်ရှေ့က တိုနိုဖားခင်းရေကူးမယ့်ကိစ္စဟာ ရေကြီးတဲ့ချိန် ရေစီးသန်ချိန်လည်းဖြစ်လို့ အသက်အန္တရာယ်နဲ့ နီးစပ်တယ်၊ နာမည်ကြီးချင်ရင် ဒိပြင်နည်းလမ်းရှာ၊ ကယ်ဆယ်ရေးအဖွဲ့ တွေကို အလုပ်ရှုပ်အောင်မလုပ်နဲ့ စသဖြင့် ကန့်ကွက်သူတွေလည်းရှိခဲ့ပါတယ်။ 

ဒါပေမယ့် သူဟာ ဆုံးဖြတ်ချက်ကိုမပြင်ဘဲ တကယ်ဖြစ်မြောက်အောင်ကူးခတ်ခဲ့ရာမှာ ညနေ ၇ နာရီအထိ အလှူငွေ ဘတ်သန်းပေါင်း ၅၈ သန်းကျော်ရရှိပြီး ဆက်ပြီးတော့လည်း ငွေပမာဏတရိပ်ရိပ် တက်နေဆဲပဲဖြစ်ပါတယ်။ အဆိုပါအလှူငွေစာရင်းကို ဒီလကုန်မှပိတ်မယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၃ နှစ်ကလည်း တွန် ဘော်ဒီဆလဲမ် ဆိုသူ အမျိုးသားအဆိုတော်တဦးက ထိုင်းတောင်ပိုင်း အစွန်ဆုံး ယလားခရိုင် ပါဒန်ဘေဆာမြို့ကနေ ထိုင်းမြောက်ပိုင်းအစွန်ဆုံး  ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ထိ အကွာအဝေးပေါင်း ၂၂၁၅ ကီလိုမီတာကို မာရသွန်ပြေးခဲ့ရာမှာ ရက်ပေါင်း ၅၅ ရက်ကြာပြီး အလှူငွေဘတ်သန်းပေါင်း  ၁၅၀၀ ကျော်ရခဲ့ပါတယ်။ အဆိုပါငွေတွေကို ထိုင်းနိုင်ငံရှိ ဆေးရုံတွေကို အားလုံးလှူဒါန်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up