close

အဝါရောင်အဆင့်

close

November 21, 2022

မုန်တိုင်းငယ် မြန်မာဘက် ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (Depression)ဟာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိလို့  အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။

ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းမှာ  ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့အနောက်တောင်ဘက် ရေမိုင် ၅၂၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းအနောက်တောင်ဘက် ရေမိုင် ၆၃၀ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ဂျက်ဖ်နာမြို့ အရှေ့ဘက် ရေမိုင် ၃၂၀ မိုင်ခန့်နဲ့ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့အရှေ့တောင်ဘက်ရေမိုင် ၃၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလက ခန့်မှန်းပါတယ်။

မုန်တိုင်းငယ်ရဲ့ ဗဟိုချက် လေဖိအား ၁၀၀၅ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ နှုန်းဖြစ်ကာ နောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး မြောက်ပိုင်း - ပူဒူချယ်ရီနဲ့ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေအနီးသို့ ရောက်ရှိ နိုင်တယ်လို့ ခန့်မှန်းပါတယ်။

မုန်တိုင်းအရှိန်ကြောင့် နိုဝင်ဘာ ၂၁ ရက်မှာ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ဆိုတယ်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ  ၇ ပေမှ ၉ ပေခန့်ရှိနိုင်ပါတယ်။

မုန်တိုင်းငယ်(Depression) အရှိန်ကြောင့် မိုးရွာသွန်း၊ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်းနိုင်လို့ ကြိုတင်သတိပြု နေထိုင်ကြဖို့နဲ့  ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်၊ သင်္ဘောတွေ ကြိုတင်သတိပြုဖို့လည်း မိုးဇလဌာနက အသိပေးနှိုးဆော်ထားပါတယ်။

Photo-DMH

55 mins Ago

December 3, 2021

မုန်တိုင်းငယ် မြန်မာဘက် ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ  ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်(Depression)ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိလို့ အဝါရောင်အဆင့်သတ်မှတ်ထားတယ်လို့ မိုးဇလဌာနက ဒီဇင်ဘာ ၃ ရက် ဒီမနက်  ထုတ်ပြန်ပါတယ်။

ဒီမနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်အရ အဆိုပါ မုန်တိုင်းငယ် (Depression)ဟာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း မြို့ရဲ့အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၈၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်- အနောက်တောင်ဘက် ရေမိုင် ၄၇၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ရဲ့  တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်၊ ဂိုလ်ပါပူမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၂၀ ခန့်နဲ့  ပါရာဒစ်ရှ်မြို့ တောင်ဘက် ရေမိုင် ၄၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ တယ်လို့ ဆိုပါတယ်။

အဆိုပါမုန်တိုင်းငယ်(Depression)ဟာ ဗဟိုချက်လေဖိအား ၁၀၀၄ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်  ၃၂ မိုင်နှုန်းဖြစ်ပြီး ၊ နောက် ၂၄ နာရီအတွင်း ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းမှာ  ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ အားကောင်းလာ နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဆိုင်ကလုန်းမုန်းတိုင်းဟာ ဒီဇင်ဘာ ၄ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်- ဩရိဿတောင်ပိုင်းကမ်းခြေ) သို့  ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ  ရေပြင်/ မြေပြင်လေ တစ်နာရီလျှင် ၃၅ မိုင်အထိတိုက်ခတ်နိုင်သလို လှိုင်းအမြင့် ၇ ပေမှ ၉ ပေ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လေပြင်းတိုက်ခတ်မှုတွေကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ သင်္ဘောတွေ ကြိုတင်သတိပြကြဖို့လည်း မိုးဇလဌာနက အသိပေးနှိုးဆော်ထားပါတယ်။

12 months Ago
Up