ချဲလ်ဆီးနဲ့ အာဆင်နယ်ကစားသမားဟောင်း ဝီလျံဟာ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုကြောင့် ဘရာဇီးကလပ် ကိုရင်တီယန်နဲ့ လမ်းခွဲလိုက်ပါတယ်။
အသက် ၃၄ နှစ်ရှိ ဝီလျံဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အာဆင်နယ်ကနေ ကိုရင်တီယန်ကို ပြောင်းရွှေ့ကစားခဲ့ပြီး စုစုပေါင်း ၄၅ ပွဲမှာ တစ်ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။
နောက်ဆုံး ၉ ပွဲမှာ ၅ ပွဲရှုံးနိမ့်ခဲ့ပြီး ဖလာမင်ဂိုနဲ့ ရှုံးထွက်ကွာတားဖိုင်နယ်မှာလည်းရှုံးနိမ့်ခဲ့တဲ့အပေါ် ဝီလျံအပေါ် အပြစ်ပုံချကြပြီး ခြိမ်းခြောက်မှုတွေခံခဲ့ရတာပါ။
“ကိုရင်တီယန် အသင်းရှုံးပွဲကြုံတိုင်းနဲ့ ကျနော်ကစားပုံမကောင်းတဲ့အချိန်တိုင်းမှာ ကျနော့် မိသားစုကို ဆိုရှယ်မီဒီယာကနေ ခြိမ်းခြောက်မှုတွေနဲ့ စော်ကားမှုတွေခံရတယ်။ ကျနော့ ဇနီးနဲ့ကလေးတွေအပြင် ကျနော့်အဖေနဲ့ အစ်မအထိပါ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတယ်” လို့ ဝီလျံက ပြောပါတယ်။
ကိုရင်တီယန်အသင်းဥက္ကဋ္ဌကလည်း ဝီလျံဘက်က စာချုပ်ဖျက်သိမ်းခွင့်တောင်းဆိုထား ကြောင်းအတည်ပြုခဲ့ပြီး မျှော်လင့်ထားသလိုမဖြစ်ခဲ့လို့ ဝီလျံအတွက် ဝမ်းနည်းမိတယ်လို့ဆိုပါတယ်။ ဝီလျံဟာ ပရီးမီးယားလိဂ်ကလပ် ဖူဟမ်အသင်းဆီ ပြောင်းရွှေ့လာဖို့ရှိပါတယ်။
အသက်အန္တရာယ်ခြိမ်းခြောက်ခံမှုအကြိမ် ၄၅၀ လက်ခံရရှိခဲ့တယ်လို့ ဘိုင်ယန်မြူးနစ်နည်းပြ နာဂယ်စ် မန်းကပြောပါတယ်။
ဗီလာရီးရဲလ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး ၁ ဂိုးနဲ့ရူံးနိမ့်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက်မှာ နည်းပြ နာဂယ်စ်မန်းအပေါ် အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ရှိလာခဲ့တာပါ။
ဆိုရှယ်မီဒီယာတခုဖြစ်တဲ့ အင်စတာဂရမ်ကနေတဆင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုပေါင်း ၄၅၀ အကြိမ်လက်ခံရရှိခဲ့သလို မိခင်ဖြစ်သူကိုလည်း ဆဲဆိုမှုတွေပြုလုပ်ခဲ့ကြတယ်လို့ နည်းပြ နာဂယ်စ်မန်းက ပြောပါတယ်။
“အာလုံးရဲ့ဝေဖန်မှုတွေခံခဲ့ရတာက ပုံမှန်အတိုင်းဖြစ်ပြီး ဖြေရှင်းနိုင်ပါတယ်။ ဒါပေမယ့် အင်စတာဂရမ်ကနေ အသက်ကိုခြိမ်းခြောက်မှု ၄၅၀ အကြိမ်အထိ ရှိခဲ့တာကတော့ မလွယ်ကူပါဘူး။ လူတွေက ကျနော့်ကိုသတ်ချင်တယ်ဆိုရင်လည်းထားပါ။ ဒါပေမယ့် ဘောလုံး အကြောင်း ဘာမှမသိတဲ့ ကျနော့်မိခင်ကိုလည်း တိုက်ခိုက်နေကြတာကတော့ နားမလည်နိုင် အောင်ဖြစ်မိတယ်” လို့ နာဂယ်စ်မန်းက ပြောပါတယ်။
အသက် ၃၄ နှစ်ပဲရှိသေးတဲ့ နည်းပြ နာဂယ်စ်မန်းဟာ ပြီးခဲ့တဲ့နှစ်က နည်းပြ ဟန်ဆီဖလစ်ခ် ထွက်ခွာသွားပြီးနောက်မှာ အစားထိုးတာဝန်ယူခဲ့တာဖြစ်ပါတယ်။