စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ကျွန်းလှခုံရွာမှာ ဒီဇင်ဘာ ၉ ရက် ည ၉ နာရီက လူငယ် ၆ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေ ပြောကြားလိုက်ပြီး စစ်ကောင်စီဘက်ကတော့ PDF တွေက သတ်ဖြတ်ခဲ့တာလို့ သတင်းဖြန့်နေပါတယ်။
ကျွန်းလှခုံရွာမှာ မူးယစ်ဆေးရောင်းဝယ်သူထံကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်လောက်က လိုင်းကြေးငွေတောင်းနေစဉ် အိမ်ရှေ့က ဖြတ်သွားသူ ၃ ယောက်ကို ခေါ်ကာ လက်ကိုင်ဖုန်းကို စစ်ဆေးပြီး ရဲစခန်းကို ရိုက်နှက်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အဲဒီနောက် ည ၉ နာရီမှာ ဖမ်းဆီးသွားသူ ၃ ယောက်ကို ဝါးရုံးတုံးလမ်းပေါ်ထုတ်ကာ သတ်ဖြတ်နေချိန် နောက်ထပ်လူ ၃ ယောက်ကို မြင်တွေ့ပြီး ထပ်မံဖမ်းဆီးကာ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံ အမျိုးသား တဦးက "သေနတ်နဲ့ ပစ်သတ်ခံရတဲ့ လူငယ် ၃ ယောက်က အသက် ၂၅ နှစ် ၂၉ နှစ်အရွယ်တွေ ကိုဂါတ်ပို၊ ကိုတွတ်ပီ၊ ကိုလုံးကွေ ဝါးရုံးတုံးရွာသားတွေ"လို့ ပြောပါတယ်။
သတ်ဖြတ်ခံရသူ ကိုတွတ်ပီဆိုသူဟာ အရင်က ကွမ်းယာဆိုင်ဖွင့်ထားသူဖြစ်ပြီး ခေါင်းဖြတ်သတ် ခံရသူ ၃ ယောက်ရဲ့ နာမည်နဲ့ အသက်အရွယ်ကိုတော့ မသိရှိရသေးပါဘူး။
စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်တွေမှာတော့ အသတ်ခံရသူ ၆ ယောက်ကို PDF အဖွဲ့သတ်ဖြတ်တာလို့ ရေးသားဖော်ပြပါတယ်။
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် သရက်ကုန်းကျေးရွာက ရပ်ကျေး NLD ပါတီဝင် ဦးဝင်းဌေးကို ဒီဇင်ဘာ ၄ ရက်နေ့ ည ၈ နာရီလောက်မှာ အမည်မသိလူတစုက ဖမ်းဆီးပြီး လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ NLD ပါတီဝင် တယောက်က ဒီဗွီဘီကိုပြောပါ။
သူက ပွင့်ဖြူမြို့နယ် NLD ပါတီဝင် ရပ်ကျေး အဖွဲ့ဝင်တယောက်ဖြစ်သလို NLD အစိုးရလက်ထက်က သရက်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အပျော်တန်းဓာတ်ပုံဆရာနဲ့ ယာဥ်မောင်း အလုပ်လုပ်ကိုင်သူတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။
ဦးဝင်းဌေးဟာ မကွေးမြို့ကနေ ကားနဲ့ ပြန်လာတဲ့ဘအချိန်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူတစုက သစ်ချိုကုန်းရွာအဝင်မှာ သေနတ်နဲ့ချိန် ဖမ်းဆီးသွားတာဖြစ်ပြီး စစ်ကောင်စီက ဖမ်းဆီးတယ်ထင်လို့ ရဲစခန်းကို လိုက်လံစုံစမ်းပေမဲ့ စခန်းမှာမရှိဘူးလို့ ပြောတာကြောင့် လိုက်လံရှာဖွေခဲ့တာလို့ ပြောပါတယ်။
မိသားစုဝင်တွေနဲ့ မိတ်ဆွေအပေါင်းသင်းတွေက ဝိုင်းဝန်းရှာဖွေရာ ဒီဇင်ဘာ ၅ ရက်နေ့ မနက် ၉ နာရီလောက်က ကျောင်းကုန်းကြီးကျေးရွာ မြောက်ဘက်က တောထဲမှာ လည်လှီးဒဏ်ရာနဲ့ သေဆုံးနေတဲ့ ဦးဝင်းဌေးရဲ့ အလောင်းကို တွေ့ရှိခဲ့ရပြီး ကျောင်းကုန်းကြီးရွာက ပျူစောထီးတွေလက်ချက် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်အာဏာသိမ်းပြီးကတည်းက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုမရှိဘူး၊ တယောက်နဲ့ တယောက် တဖက်နဲ့တဖက် လူသားမဆန်စွာ သတ်ဖြတ်နေတာတွေကို ရှုတ်ချပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးရွာမှာ ၂၀၂၁ ခုနှစ် မတ် ၆ ရက်နေ့ကလည်း NLD ပါတီအလုပ်အမှုဆောင် ဦးထွေးနိုင်နဲ့ ပါတီဝင်ကို နန်းဝေတို့ ၂ ယောက်ကို စစ်တပ်ထောက်ခံသူ အယောက် ၃၀ လောက်က ဝိုင်းဝန်းသတ်ဖြတ်ခဲ့ပြီး ဒီနေ့အထိ အရေးယူမှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။