close

ပွင့်ဖြူမြို့နယ်တွင် NLD ပါတီဝင်တဦး အသတ်ခံရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် သရက်ကုန်းကျေးရွာက ရပ်ကျေး NLD ပါတီဝင် ဦးဝင်းဌေးကို ဒီဇင်ဘာ ၄ ရက်နေ့ ည ၈ နာရီလောက်မှာ အမည်မသိလူတစုက ဖမ်းဆီးပြီး လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ NLD ပါတီဝင် တယောက်က ဒီဗွီဘီကိုပြောပါ။

သူက ပွင့်ဖြူမြို့နယ် NLD ပါတီဝင် ရပ်ကျေး အဖွဲ့ဝင်တယောက်ဖြစ်သလို NLD အစိုးရလက်ထက်က သရက်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အပျော်တန်းဓာတ်ပုံဆရာနဲ့ ယာဥ်မောင်း အလုပ်လုပ်ကိုင်သူတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးဝင်းဌေးဟာ မကွေးမြို့ကနေ ကားနဲ့ ပြန်လာတဲ့ဘအချိန်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူတစုက သစ်ချိုကုန်းရွာအဝင်မှာ သေနတ်နဲ့ချိန် ဖမ်းဆီးသွားတာဖြစ်ပြီး စစ်ကောင်စီက ဖမ်းဆီးတယ်ထင်လို့ ရဲစခန်းကို လိုက်လံစုံစမ်းပေမဲ့ စခန်းမှာမရှိဘူးလို့ ပြောတာကြောင့် လိုက်လံရှာဖွေခဲ့တာလို့ ပြောပါတယ်။

မိသားစုဝင်တွေနဲ့ မိတ်ဆွေအပေါင်းသင်းတွေက ဝိုင်းဝန်းရှာဖွေရာ ဒီဇင်ဘာ ၅ ရက်နေ့ မနက် ၉ နာရီလောက်က ကျောင်းကုန်းကြီးကျေးရွာ မြောက်ဘက်က တောထဲမှာ လည်လှီးဒဏ်ရာနဲ့ သေဆုံးနေတဲ့ ဦးဝင်းဌေးရဲ့ အလောင်းကို တွေ့ရှိခဲ့ရပြီး ကျောင်းကုန်းကြီးရွာက ပျူစောထီးတွေလက်ချက် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်အာဏာသိမ်းပြီးကတည်းက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုမရှိဘူး၊ တယောက်နဲ့ တယောက် တဖက်နဲ့တဖက် လူသားမဆန်စွာ သတ်ဖြတ်နေတာတွေကို ရှုတ်ချပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးရွာမှာ ၂၀၂၁ ခုနှစ် မတ် ၆ ရက်နေ့ကလည်း NLD ပါတီအလုပ်အမှုဆောင် ဦးထွေးနိုင်နဲ့ ပါတီဝင်ကို နန်းဝေတို့ ၂ ယောက်ကို စစ်တပ်ထောက်ခံသူ အယောက် ၃၀ လောက်က ဝိုင်းဝန်းသတ်ဖြတ်ခဲ့ပြီး ဒီနေ့အထိ အရေးယူမှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up