အသင်းခေါင်းဆောင် မက်ဆီ အသင်းပြောင်းရွှေ့မယ့်ကိစ္စဟာ အသင်းအပေါ်အကျိုးသက်ရောက်မှုမရှိနိုင်ဘူးလို့ အာဂျင်တီးနား နည်းပြ စကယ်လိုနီက ပြောသွားပါတယ်။
မက်ဆီဟာ လာမယ့်ရာသီမှာ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းဆီ ပြောင်းရွှေ့မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့တာပါ။
အဲဒီသတင်းတွေကို မက်ဆီရဲ့ဖခင်ဖြစ်သူက ငြင်းဆန်ထားပြီး ရာသီကုန်ဆုံးချိန်ရောက်မှ ဆုံးဖြတ်မယ်လို့ ဆိုခဲ့ပေမဲ့ မက်ဆီအသင်းပြောင်းရွှေ့မယ့်ကိစ္စကတော့ သေချာသလောက်ရှိနေတာပါ။
မက်ဆီအနေနဲ့ အသင်းဖော်တွေ၊ ပရိသတ်တွေနဲ့ အဆင်ပြေနိုင်မယ့်အသင်းကို ပြောင်းရွှေ့ရမှာဖြစ်ပြီး၊ ဘယ်အသင်းဆီ ပြောင်းရွှေ့သည်ဖြစ်စေ နိုင်ငံ့လက်ရွေးစင် အသင်းအပေါ်မှာတော့ အကျိုးသက်ရောက်မှုမရှိနိုင်ကြောင်း အာဂျင်တီးနားနည်းပြ စကယ်လိုနီကပြောပါတယ်။
မက်ဆီအနေနဲ့ လာမယ့်ရာသီမှာ ပြောင်းရွှေ့နိုင်တဲ့နေရာ သုံးနေရာရှိပြီး ဆော်ဒီကလပ် အယ်လ်ဟီလာ၊ အသင်းဟောင်းဘာစီလိုနာနဲ့ မေဂျာလိဂ်ကလပ်အသင်းတစ်သင်းဆီ ဆိုပြီး မီဒီယာတွေက ခန့်မှန်းသုံသပ်ကြပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီ ပါဝင်ကစားနိုင်စွမ်းရှိကြောင်း အာဂျင်တီးနားနည်းပြ စကယ်လိုနီက ပြောပါတယ်။
မက်ဆီဟာ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပချိန်မှာ အသက် ၄၀ လောက်ရှိနေပြီဖြစ်ပေမဲ့ နည်းပြ စကယ်လိုနီကတော့ မက်ဆီဟာ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားနိုင်စွမ်းရှိပြီး လက်ရွေးစင်အသင်းဘက်က အမြဲတမ်း တံခါးဖွင့်ထားတယ်လို့ ပြောပါတယ်။
“မက်ဆီအနေနဲ့ လာမယ့်ကမ္ဘာ့ဖလားမှာ ပါဝင်ကစားနိုင်တယ်လို့ ထင်ပါတယ်။ ဒါက သူ့ရဲ့စိတ်ဆန္ဒနဲ့ ခံစားချက်အပေါ် အများကြီး မူတည်နေပါတယ်။ အသင်းဘက်ကတော့ အမြဲတမ်း တံခါးဖွင့်ထားပါတယ်။ အသင်းနဲ့အတူရှိနေရတာကို သူပျော်ရွှင်ပြီး ကျနော်တို့အတွက်လည်း သူရှိနေတာက အလွန်ကျေနပ်စရာကောင်းပါတယ်” လို့ နည်းပြ စကယ်လိုနီက ပြောပါတယ်။
မက်ဆီကိုယ်တိုင်ကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဟာ နောက်ဆုံးပြိုင်ပွဲလို့ ဆိုခဲ့ပေမဲ့ အပြောင်းအလဲတခု ဖြစ်လာဖို့ရှိပါတယ်။