တောင်အမေရိကတိုက်သား ဂန္ထဝင်ဘောလုံးသမားတွေဖြစ်ကြတဲ့ ပီလီ၊ ဒီယေဂိုမာရာဒိုနာတို့နဲ့ တန်းတူ အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီရဲ့ ရုပ်တုကို တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် (CONMEBOL) ရဲ့ ရုံးချုပ်မှာ မတ်လ ၃၀ ရက်က ဂုဏ်ပြုထားရှိလိုက်ပါတယ်။
တောင်အမေရိကတိုက်ရဲ့ အမြင့်ဆုံး ဘောလုံးပြိုင်ပွဲတခုဖြစ်တဲ့ ကိုပါ လီဘာတာဒေါရက်စ် မဲခွဲဆုံးဖြတ်မှုမတိုင်ခင် ပါရာဂွေးနိုင်ငံ လူကေးမြို့က ရုံးချုပ်နေရာမှာ ဖွင့်ပွဲအခမ်းအနားနဲ့ အတူ မက်ဆီရဲ့ ပုံစံတူရုပ်တုကို ပြသထားတာပါ။
အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ ကာတာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ၃၆ နှစ်တာအတွင်း ပထမဆုံး ကမ္ဘာ့ဖလား အောင်မြင်မှုရရှိအောင် ဦးဆောင်နိုင်ခဲ့တာကြောင့် ဂန္ထဝင်ကစားသမားကြီး မာရာဒိုနာရဲ့ ခြေရာအတိုင်း ထပ်တူလိုက်နင်းနိုင်ခဲ့ပါတယ်။
ပနားမားအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ မက်ဆီရဲ့ ကစားသမားဘဝ သွင်းဂိုး ၈၀ဝ ပြည့်မြောက်ခဲ့တဲ့အတွက် ၂ ရက်အကြာမှာပဲ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က နိုင်ငံအသင်းရဲ့ လေ့ကျင့်ရေးအဆောက်အအုံအမည်ကို “လီယွန်နယ် အန်ဒရက်စ် မက်ဆီ” လို့ ပြီးခဲ့တဲ့စနေနေ့က ပြောင်းလဲလိုက်ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကလည်း ကူရာဆောင်နိုင်ငံအသင်းကို ၇ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ မက်ဆီက ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းအတွက် သွင်းဂိုး ၁၀၀ ကျော်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ အက်စ်တိုးနီးယားနဲ့ ခြေစမ်းပွဲမှာ တစ်ဦးတည်း ၅ ဂိုးသွင်းယူ ခဲ့ပြီး အသင်းကလည်း ၃၃ ပွဲဆက်ရှုံးပွဲမရှိစံချိန်တင်ရှိနိုင်ခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့က ကစားခဲ့တဲ့ အီတလီကို အနိုင်ရတဲ့ပွဲစဉ်ကတည်းကတင်ထားတဲ့ ၃၁ ပွဲဆက်ရှုံးပွဲမရှိစံချိန်ကို ကျော်ဖြတ်ပြီး စံချိန် သစ်တင်ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ၃၃ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ရရှိထားပြီး နိုင်ငံတကာဘောလုံး လောကမှာ ၃၇ ပွဲနဲ့ ရှုံးပွဲမရှိစံချိန်တင်ထားတဲ့ အီတလီအသင်းကို လိုက်မီဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။
မက်ဆီဟာလည်း အက်စ်တိုးနီးယားကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ခြေစမ်းပွဲမှာ တစ်ဦးတည်း ၅ ဂိုးသွင်းခဲ့ပြီး နိုင်ငံအသင်းအတွက် တစ်ပွဲတည်းမှာဂိုးအရေအတွက်အများ ဆုံးသွင်းယူနိုင်ခဲ့ပါတယ်။
မက်ဆီဟာ ၂၀၁၈ ခုနှစ်မေလက ဟေတီအသင်းနဲ့ ပွဲစဉ်မှာ ဟတ်ထရစ် သုံးဂိုး သွင်းယူနိုင်ခဲ့တာက ဂိုးအရေအတွက်အမျာဆုံးဖြစ်ပြီး အခုပွဲစဉ်မှာ ၅ ဂိုးအထိပထမဆုံးအကြိမ် သွင်းယူနိုင်ခဲ့တာပါ။ ကလပ်အသင်းသမိုင်းမှာတော့ ၂၀၁၂ ခုနှစ်က ဘာစီလိုနာက လီဗာကူဆင်ကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မက်ဆီက တစ်ဦးတည်း ၅ ဂိုး သွင်းယူခဲ့ဖူးပါတယ်။