အာဂျင်တီးနားရဲတပ်ဖွဲ့ဟာ ကမ္ဘာကျော် ဘောလုံးစတား လီယွန်နယ်မက်ဆီရဲ့ မျက်နှာပုံကို တံဆိပ်ခတ် ရိုက်နှိပ်ထားတဲ့ အပြာရောင် အက်ခ်တက်ခ်ဆီ စိတ်ကြွဆေးပြား တဒါဇင်ကို သိမ်းဆည်းရမိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက မေ ၅ ရက်မှာ ပြောပါတယ်။
ဗျူနိုအေရီးစ် အရှေ့ပိုင်းရှိ ပွာတိုမာဒီရိုရပ်ကွက်က အီလက်ထရွန်နစ်ဂီတ ပါတီပွဲတခုမှာ ဆေးပြားတွေကို ရောင်းချနေတဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ဒီအမှုကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ဖမ်းမိထားသူကိုလည်း ဆက်လက် ဖမ်းဆီးထားပြီးတော့ သံသယရှိသူဟာ တရားရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။
အာဂျင်တီးနားဒုသမ္မတခရစ္စတီနာ ဖာနန်ဒက်ဇ်ဒီကာ့ချ်နာကို ထောက်ခံသူတွေဟာ ဧပြီ ၁၃ ရက်က ဗြူနိုအေရီးစ်မြို့လယ်မှာ စုရုံးခဲ့ကြပြီး ဒုသမ္မတ အပေါ်အဂတိလိုက်စားမှုစွဲချက်နဲ့ ထောင်ဒဏ်ချမှတ်ထားတဲ့အပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် လာမယ့် အောက်တိုဘာလ သမ္မတရွေးကောက်ပွဲတွေမှာ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဆန္ဒပြသူတဦးဖြစ်တဲ့ မာရီယာနို ဒီမစ်ထရီက “ဖာနန်ဒက်ဇ်ဒီကာ့ချ်နာဟာ တိုင်းပြည်ရဲ့ အကောင်းဆုံးခေါင်းဆောင်ဖြစ်ပြီး ပြည်သူတွေကို ဒုက္ခတွင်းထဲကနေ ကယ်ထုတ်နိုင်တဲ့ တစ်ဦးတည်းသောသူဖြစ်တယ်”လို့ ပြောပါတယ်။
ဒီမိုကရေစီလား ဒါမှမဟုတ် တရားစီရင်ရေး မာဖီးယားလား ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ လူအုပ်ကြီးဟာ တရားရုံးချုပ်ရှေ့မှာ စုဝေးခဲ့ကြပြီး ဒုသမ္မတကို အဂတိလိုက်စားမှု စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ပြီး ရာထူးမှ ရပ်စဲခံလိုက်ရခြင်းတို့ကို ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။
ဒီဇင်ဘာလတုန်းက ဗြူနိုအေရီးစ်မြို့ရှိ ဖက်ဒရယ်တရားရုံးက ဒုသမ္မတ ခရစ္စတီနာ ဖာနန်ဒက်ဇ် ဒီကာ့ချ်နာကို ပြည်သူလူထုအုပ်ချုပ်ရေးကို ထိခိုက်နစ်နာစေတဲ့ လိမ်လည်အုပ်ချုပ်မှုဆိုင်ရာ ရာဇ၀တ်ပြစ်မှုမှာ တာဝန်ရှိသူတဦးအနေနဲ့ အပြစ်ရှိကြောင်း စီရင်ဆုံးဖြတ်ခဲ့တာပါ။
ပြည်သူ့အုပ်ချုပ်ရေးရာထူးမှာ အရည်အချင်း မပြည့်မီပေမဲ့ ပြစ်ဒဏ်စီရင်ချက် မပြီးပြတ်သေးတာကြောင့် ဒုသမ္မတဟာ ၂၀၂၃ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ၀င်ပြိုင်နိုင်ခွင့် ရှိပါသေးတယ်။
အာဂျင်တီးနားဟာ အောက်တိုဘာလမှာ အကျပ်အတည်းတွေနဲ့ အထွေထွေ ရွေးကောက်ပွဲတွေဆီကို ဦးတည်နေပြီး လက်ရှိအုပ်ချုပ်နေတဲ့ ပဲရိုးနစ်စ်ညွန့်ပေါင်းအဖွဲ့ အနေနဲ့ အမှန်တကယ်ရှုံးနိမ့်မယ့် အလားအလာကို ရင်ဆိုင်နေရပါတယ်။