အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဟာ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့ပြီး အရှေ့တီမောကို အဖွဲ့ရဲ့ ၁၁ ယောက်မြောက် အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုဖို့ မူအားဖြင့် သဘောတူခဲ့ကြောင်း အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တီမောလက်စ်တီနိုင်ငံကို အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေမှာ လေ့လာသူအဖြစ် ခွင့်ပြုပေးမှာဖြစ်ကြောင်း ဒေသတွင်းခေါင်းဆောင်တွေ ဖနွမ်းပင်မှာ တွေ့ဆုံပြီးနောက်မှာ အဖွဲ့က ပြောလိုက်တာပါ။
ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံရဲ့ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေနဲ့ နိုင်ငံရေးအရ ပိတ်ဆို့မှုတွေက လွှမ်းမိုးနိုင်ဖွယ်ရှိကြောင်း ရိုက်တာသတင်းမှာ ရေးပါတယ်။
အာဆီယံက သဘောတူထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို မြန်မာစစ်အုပ်စုက လိုက်နာအောင် ကြိုးပမ်းနေတဲ့ အဖွဲ့ဝင်တွေပဲ စိတ်ပျက်လက်ပျက်ဖြစ်ရမှု တိုးလာနေတယ်လို့လည်း ဆိုပါတယ်။
ရန်လိုမှုတွေ အဆုံးသတ်ရေးနဲ့ အထူးသံတမန်တဦး ခန့်အပ်ပြီးတော့ အကူအညီပေးရေးတွေ အပါအဝင် မနှစ်က သဘောတူထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့ မြန်မာစစ်အာဏာရှင်တွေကို အာဆီယံကိုယ်စားလှယ် အများအပြားက အပြစ်တင်ကြပါတယ်။
စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး မတည်ငြိမ်တဲ့ကာလတွေမှာ သတိနဲ့ ဉာဏ်ပညာရှိဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်လည်းဖြစ်တဲ့ အာဆီယံအိမ်ရှင် ဟွန်ဆန်က သောကြာနေ့ ဖွင့်ပွဲအခမ်းအနားမှာ တောင်းဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ နိုဝင်ဘာ ၁၂ ရက်နေ့ အစည်းအဝေးကို တက်ရောက်လာမှာဖြစ်ပြီး တရုတ်ဝန်ကြီးချုပ် လီကီချန်း၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ခီရှီဒါ၊ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗ်ေရာ့ဗ်တို့လည်း တက်ရောက်မှာဖြစ်ပါတယ်။
မြန်မာကိုယ်စားလှယ် မပါဝင်ဘဲ အာဆီယံထိပ်သီး အစည်းအဝေးကို အောက်တိုဘာ ၂၆ရက် ဒီကနေ့ မနက်ပိုင်းက video conferences စနစ်နဲ့ စတင်ကျင်းပနေပါတယ်။
(၃၈) ကြိမ်မြောက်နဲ့ (၃၉)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးတွေကို အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက အိမ်ရှင်အဖြစ် စီစဉ်ကျင်းပတာဖြစ်ပါတယ်။
ဒီအစည်းအဝေးမှာ မြန်မာပြည်က အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ကို တက်ခွင့်မပြုဘဲ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့သူကိုသာ ဖိတ်ကြားမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။
ဒီဆုံးဖြတ်ချက်အတိုင်း မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကို အာဆီယံ အစည်းအဝေး တက်ရောက်ဖို့ လက်ရှိ အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။
မြန်မာအာဏာသိမ်း စစ်ကောင်စီကတော့ မြန်မာကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန် တက်ရောက်ဖို့ အဆင့်နှိမ့်ပြီး ဖိတ်ကြားတာကိုလက်မခံပဲ နိုင်ငံအကြီးအကဲ ဒါမှမဟုတ် အစိုးရအဖွဲ့အကြီးအကဲ ဒါမှမဟုတ် နိုင်ငံအကြီးအကဲကို ကိုယ်စားပြုမယ့် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ် ပါဝင်တက်ရောက်မှ လက်ခံမယ်လို့ တုံ့ပြန်ထားတဲ့အတွက် အခု အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်နိုင်ခြင်းမရှိပါဘူး။
အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ် ပါဝင်ခြင်းမရှိပေမယ့် အမေရိကန်သမတ ဂျိုးဘိုင်ဒန် ကတော့ အာဆီယံ-အမေရိကန် ပူးပေါင်းအစည်းအဝေးတခုကို ဗီဒီယိုကနေတဆင့် တက်ရောက်ဖို့ ရှိနေပါတယ်။
Photo- ASEAN