close

အာဆီယံထိပ်သီးစည်းဝေးပွဲ စတင်၊ မြန်မာ့အရေး လွှမ်းမိုးဖွယ်ရှိ

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဟာ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့ပြီး အရှေ့တီမောကို အဖွဲ့ရဲ့ ၁၁ ယောက်မြောက် အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုဖို့ မူအားဖြင့် သဘောတူခဲ့ကြောင်း အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တီမောလက်စ်တီနိုင်ငံကို အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေမှာ လေ့လာသူအဖြစ် ခွင့်ပြုပေးမှာဖြစ်ကြောင်း ဒေသတွင်းခေါင်းဆောင်တွေ ဖနွမ်းပင်မှာ တွေ့ဆုံပြီးနောက်မှာ အဖွဲ့က ပြောလိုက်တာပါ။

ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံရဲ့ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေနဲ့ နိုင်ငံရေးအရ ပိတ်ဆို့မှုတွေက လွှမ်းမိုးနိုင်ဖွယ်ရှိကြောင်း ရိုက်တာသတင်းမှာ ရေးပါတယ်။

အာဆီယံက သဘောတူထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို မြန်မာစစ်အုပ်စုက လိုက်နာအောင် ကြိုးပမ်းနေတဲ့ အဖွဲ့ဝင်တွေပဲ စိတ်ပျက်လက်ပျက်ဖြစ်ရမှု တိုးလာနေတယ်လို့လည်း ဆိုပါတယ်။

ရန်လိုမှုတွေ အဆုံးသတ်ရေးနဲ့ အထူးသံတမန်တဦး ခန့်အပ်ပြီးတော့ အကူအညီပေးရေးတွေ အပါအဝင် မနှစ်က သဘောတူထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့ မြန်မာစစ်အာဏာရှင်တွေကို အာဆီယံကိုယ်စားလှယ် အများအပြားက အပြစ်တင်ကြပါတယ်။

စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး မတည်ငြိမ်တဲ့ကာလတွေမှာ သတိနဲ့ ဉာဏ်ပညာရှိဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်လည်းဖြစ်တဲ့ အာဆီယံအိမ်ရှင် ဟွန်ဆန်က သောကြာနေ့ ဖွင့်ပွဲအခမ်းအနားမှာ တောင်းဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ နိုဝင်ဘာ ၁၂ ရက်နေ့ အစည်းအဝေးကို တက်ရောက်လာမှာဖြစ်ပြီး တရုတ်ဝန်ကြီးချုပ် လီကီချန်း၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ခီရှီဒါ၊ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗ်‌ေရာ့ဗ်တို့လည်း တက်ရောက်မှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up