close

အာဆီယံအတွင်းရေးမှူးချုပ်

close

April 6, 2023

အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကုလအထူးကိုယ်စားလှယ်တို့ မြန်မာ့အရေး ဆွေးနွေး

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာဟာ ဧပြီ ၆ ရက် ဒီကနေ့မနက်က  အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ အတွင်းရေးမှူးချုပ် ခါအိုခင်မ်ဟွန်းနဲ့ သွားရောက်တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တယ်လို့ အာဆီယံက သတင်းထုတ်ပြန်ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ  မြန်မာ့အရေးအဖြေရှာဖို့ ချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဖို့အတွက် ကူညီပံ့ပိုးပေးဖို့ ဒေသတွင်းနိုင်ငံတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဆွေးနွေး အမြင်ဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာပြည်တွင်းက လိုအပ်နေသူတွေထံ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေး အာဆီယံရဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့  (SG-AHAC) ကနေတဆင့် ကြိုးပမ်းအားထုတ်မှုတွေကိုလည်း  အာဆီယံ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါ တယ်။

မြန်မာ့နိုင်ငံအခြေအနေကို ကိုင်တွယ်ဖြေရှင်းရာမှာ အာဆီယံကို ဦးဆောင်မှု အခန်းကဏ္ဍကနေ  ဆောင်ရွက်စေဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းက အခိုင်အမာ ထောက်ခံတဲ့အတွက် ကျေးဇူးတင်အသိအမှတ်ပြုတယ်လို့လည်း အာဆီယံအတွင်းရေးမှူးချုပ်က ပြောပါတယ်။

လူသားချင်းစာနာမှုအကူအညီတွေပေးနေတယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ်က ပြောနေပေမဲ့ မြန်မာနိုင်ငံတွင်းမှာတော့  အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှု၊ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အတိဒုက္ခရောက်နေတဲ့ ပြည်သူလူထုတွေ အနေနဲ့ အာဆီယံရဲ့ အကူအညီတွေ တခုမှ မရသေးပါဘူး။

၂၀၂၁ ခုနှစ် ဧပြီလက ဂျာကာတာမှာ ကျင်းပခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အာဆီယံ အစည်းအဝေးမှာ ချမှတ်ခဲ့ အာဆီယံဘုံသဘောတူချက် ၅ ရပ်ဟာလည်း အခု အချိန် ၂ နှစ်ကြာလာတဲ့အထိ မြန်မာစစ်ကောင်စီက ပူးပေါင်းဆောင်ရွက်မှုမရှိတာကြောင့် တချက်မှ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပါဘူး။ 

လက်ရှိ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီကတော့ မြန်မာ့အရေးဖြေရှင်းနိုင်ရေး အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ စေ့စပ်ညှိနှိုင်းနေတယ်လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားတွေ သေကျေမှုတွေ စိုးရိမ်စရာတိုးပွားလာစေတဲ့ အကြမ်းဖက်မှုတွေနဲ့  အင်အားအသုံးပြုမှုတွေကို ရပ်တန့်ဖို့ အင်ဒိုနီးရှားအနေနဲ့ ဆက်လက်တောင်းဆိုတယ်လို့  မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အင်ဒိုနီးရှားဝန်ကြီးက ပြောပါတယ်။

Photo-ASEAN

11 mins Ago

June 2, 2021

အာဆီယံဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့ မြန်မာပြည်သွားမည်

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ်တို့ဟာ ဒီသီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားတယ်လို့ သံတမန်တွေက ပြောထားပါတယ်။

ဒီနှစ်အတွက် အလှည့်ကျ အာဆီယံဥက္ကဋ္ဌ နိုင်ငံ ဘရူနိုင်းက နိုင်ငံခြားရေး၀န်ကြီး  အာဝန်ယူဆော့ဖ် နဲ့အာဆီယံ အတွင်းရေးမှူးချုပ် လင်မ်ဂျော့ခ်ဟွိုင်တို့ဟာ စစ်တပ်ခေါင်းဆောင်တွေ၊ တခြားသက်ဆိုင်သူတွေနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီခရီးစဉ်ဟာ အစီအမံပိုင်းနဲ့ သံတမန်ပိုင်းဆိုင်ရာ အဟန့်အတားတွေကြောင့် နှောင့်နှေးတာမျိုး၊ လွဲချော်သွားတာမျိုးလဲ ရှိနိုင်တယ်လို့ သံတမန် သတင်းရင်းမြစ်တွေက ပြောကြားထားပါတယ်။ 

မြန်မာပြည်သွားမယ့် အာဆီယံကိုယ်စားလှယ် ၂ ယောက်ဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်နေတဲ့ ဖမ်ဆီးခံအတိုက်အခံတွေ၊ လွတ်မြောက်နေသူတွေနဲ့ရော တွေ့ဆုံဖို့ စီစဉ်ထားလားဆိုတာတော့ ရှင်းရှင်းလင်းလင်း  မသိရသေးပါဘူး။ 

အခုခရီးစဉ်ဟာ အကြမ်းဖက်မှု ရပ်တန့်ရေး၊ တွေ့ဆုံဆွေးနွေးမှု မြှင့်တင်ရေး၊ အကူအညီပေးရေး၊ အထူးသံတမန်ကို ခန့်ထားရေးနဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ အထူးကိုယ်စားလှယ် ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံကို စေလွှတ်ရေး စတဲ့ အချက် ၅ ချက်ပါ သဘောတူညီမှုကို အာဆီယံခေါင်းဆောင်တွေ ကြေညာထားပြီး သီတင်း ၅ ပတ်အကြာမှာ စီစဉ် ပေါ်ပေါက်လာတာပါ။

ဒါပေမဲ့ ဒီတာဝန်အတွက် အသင့်တော်ဆုံးဖြစ်မယ့် လူပုဂ္ဂိုလ်နဲ့ လူတွေ၊ သံတမန်ရဲ့ လုပ်ပိုင်ခွင့်နဲ့ သံတမန်ရဲ့သက်တမ်း စတာတွေအပေါ် အာဆီယံအဖွဲ့အတွင်း အယူအဆအမျိုးမျိုး ရှိနေသေးတဲ့ကြားထဲမှာ အထူးသံတမန် ခန့်အပ်တဲ့အမည်ကို ခုချိန်အထိ ကြေညာနိုင်ခြင်း  မရှိသေးပါဘူး။

2 years Ago
Up