close

အာဆီယံဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့ မြန်မာပြည်သွားမည်

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ်တို့ဟာ ဒီသီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားတယ်လို့ သံတမန်တွေက ပြောထားပါတယ်။

ဒီနှစ်အတွက် အလှည့်ကျ အာဆီယံဥက္ကဋ္ဌ နိုင်ငံ ဘရူနိုင်းက နိုင်ငံခြားရေး၀န်ကြီး  အာဝန်ယူဆော့ဖ် နဲ့အာဆီယံ အတွင်းရေးမှူးချုပ် လင်မ်ဂျော့ခ်ဟွိုင်တို့ဟာ စစ်တပ်ခေါင်းဆောင်တွေ၊ တခြားသက်ဆိုင်သူတွေနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီခရီးစဉ်ဟာ အစီအမံပိုင်းနဲ့ သံတမန်ပိုင်းဆိုင်ရာ အဟန့်အတားတွေကြောင့် နှောင့်နှေးတာမျိုး၊ လွဲချော်သွားတာမျိုးလဲ ရှိနိုင်တယ်လို့ သံတမန် သတင်းရင်းမြစ်တွေက ပြောကြားထားပါတယ်။ 

မြန်မာပြည်သွားမယ့် အာဆီယံကိုယ်စားလှယ် ၂ ယောက်ဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်နေတဲ့ ဖမ်ဆီးခံအတိုက်အခံတွေ၊ လွတ်မြောက်နေသူတွေနဲ့ရော တွေ့ဆုံဖို့ စီစဉ်ထားလားဆိုတာတော့ ရှင်းရှင်းလင်းလင်း  မသိရသေးပါဘူး။ 

အခုခရီးစဉ်ဟာ အကြမ်းဖက်မှု ရပ်တန့်ရေး၊ တွေ့ဆုံဆွေးနွေးမှု မြှင့်တင်ရေး၊ အကူအညီပေးရေး၊ အထူးသံတမန်ကို ခန့်ထားရေးနဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ အထူးကိုယ်စားလှယ် ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံကို စေလွှတ်ရေး စတဲ့ အချက် ၅ ချက်ပါ သဘောတူညီမှုကို အာဆီယံခေါင်းဆောင်တွေ ကြေညာထားပြီး သီတင်း ၅ ပတ်အကြာမှာ စီစဉ် ပေါ်ပေါက်လာတာပါ။

ဒါပေမဲ့ ဒီတာဝန်အတွက် အသင့်တော်ဆုံးဖြစ်မယ့် လူပုဂ္ဂိုလ်နဲ့ လူတွေ၊ သံတမန်ရဲ့ လုပ်ပိုင်ခွင့်နဲ့ သံတမန်ရဲ့သက်တမ်း စတာတွေအပေါ် အာဆီယံအဖွဲ့အတွင်း အယူအဆအမျိုးမျိုး ရှိနေသေးတဲ့ကြားထဲမှာ အထူးသံတမန် ခန့်အပ်တဲ့အမည်ကို ခုချိန်အထိ ကြေညာနိုင်ခြင်း  မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up