မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းစသိမ်းခဲ့တဲ့ ၂ နှစ်ကျော်ကာလကတည်းက အာဆီယံနဲ့ သဘောတူညီထားခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို မြန်မာစစ်ကောင်စီက ပြီးမြောက်အောင် အကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောလိုက်ပါတယ်။
အခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌလည်းဖြစ်တဲ့ ဂျိုကို ဝီဒိုဒိုက လတ်တလော အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ အာဆီယံ ထိပ်သီးအစည်းအဝေး ဒုတိယမြောက်နေ့မှာ ခုလိုပြောလိုက်တာပါ။
“ကျနော် ပွင့်ပွင့်လင်းလင်း ပြောရပါမယ်။ (မြန်မာစစ်အုပ်စုအနေနဲ့) အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်-5PC ကို အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှု မရှိသေးပါဘူး။ ဒါကြောင့်မို့ အာဆီယံအနေနဲ့ နောက်အဆင့်တွေမှာ ဆုံးဖြတ်ဖို့ လိုအပ်တယ်။”
၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ပင်လယ်အပန်းဖြေ စခန်းရှိရာ လာဘူအန်ဘာဂျိုမြို့မှာ ပြီးခဲ့တဲ့ မေ ၁၀ ရက်မနက်ပိုင်းက စတင်ကာ ကျင်းပနေတာ ဖြစ်ပါတယ်။
ဒီအစည်းအဝေးကိုတော့ အာဆီယံဒေသတွင်းနိုင်ငံတွေက ခေါင်းဆောင်တွေ ပါဝင်တက်ရောက်ခဲ့ကြပေမဲ့ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ဖိတ်ကြားမခံရတဲ့အတွက် တက်ရောက်ခွင့် မရခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားခဲ့ပေမဲ့ မြန်မာစစ်အာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံကိုလည်း မြန်မာစစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဖိအားပေးမှုတွေလည်း တိုးလာနေတာပါ။
အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ကောင်ကင်မ်ဟောင်ကတော့ ဒီထိပ်သီးအစည်းအဝေးမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ဆွေးနွေးမှုတွေ ပါဝင်တဲ့ အစီအစဉ်ဟာ စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုအတွက် အခြေခံအုတ်မြစ်အနေနဲ့ ဆက်လက်တည်ရှိနေဦးမယ်လို့ ရိုက်တာသတင်းကို ဖြေကြားခဲ့ ပါတယ်။
“အာဆီယံဘက်ခြမ်းက မြန်မာနိုင်ငံကို ကူညီဖို့ ဆန္ဒပြင်းပြပေမဲ့ လွယ်တော့ မလွယ်ပါဘူး။ ရောမကို တညတည်းနဲ့ မတည်ဆောက်နိုင်သလိုပဲပေါ့။ ကျနော်တို့ လုပ်သင့်တာက အကြမ်းဖက်မှုတွေ ပပျောက်အောင်လုပ်ဖို့ပါပဲ။ အဲဒါက အဓိကအချက်ပါ။”
မြန်မာနိုင်ငံမှာတော့ စစ်တပ်က မတရားအာဏာသိမ်းမှုအပြီး အမေရိကန်နဲ့ ဗြိတိန် အပါအဝင် နိုင်ငံအများအပြားက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားသလို အာဏာသိမ်းပြီးနောက် ပြည်တွင်း မငြိမ်မသက်မှုတွေကြောင့် အရပ်သားရာထောင်ချီ သေဆုံးပြီး ဒေသခံပြည်သူ သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရှိန်မြှင့် အရေးယူလုပ်ဆောင်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW)က တိုက်တွန်းလိုက်ပါတယ်။
HRWအဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာ အလိန်း ပီယာဆန်က “ဒါဟာ အင်ဒိုနီးရှားနိုင်ငံအတွက် နောက်တဆင့်ထပ်လှမ်းဖို့ အခွင့်အရေးပါပဲ။ ကမ္ဘာ့အရေးတွေမှာ အင်ဒိုနီးရှားနိုင်ငံက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ဖို့ ဆန္ဒပြင်းပြတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း G20 အစည်းအဝေးကို အောင်မြင်အောင် လက်ခံကျင်းပနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အာဆီယံဥက္ကဋ္ဌနေရာကို အကျိုးရှိ ထိရောက်အောင် အသုံးချပြီး မြန်မာနိုင်ငံက အကျပ်အတည်း ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ တိုက်တွန်းပါတယ်” လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က နှစ်စဉ်ထုတ်ပြန်တဲ့ ကမ္ဘာ့ရေးရာ အစီရင်ခံစာထဲမှာ “ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာပြီး” နယ်စပ်ဒေသတလျှောက်ကိုပါ ပျံ့နှံ့လာတာကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေအတွက် အန္တရာယ် ဖြစ်လာစေနိုင်မယ့်အပေါ်မှာ စိုးရိမ်မှုရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည် အများအပြားဟာ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှိနိုင်ငံတို့လို အိမ်နီးချင်းနိုင်ငံတွေအပြင် မွတ်ဆလင်အများစုနေထိုင်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံ တွေကိုပါ နှစ်ပေါင်းများစွာ ထွက်ပြေးခဲ့ကြရပါတယ်။
ဘင်္ဂလားဒေ့ရှိနိုင်ငံမှာလည်း ရိုဟင်ဂျာ ၁ သန်းနီးပါးဟာ လူတွေ ပြွတ်သိပ်ကျပ်နေတဲ့ အခြေအနေတွေမှာ နေထိုင်နေရပြီး အဲ့ဒီထဲက ရိုဟင်ဂျာ ရာပေါင်း၊ ထောင်ပေါင်းများစွာက ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကနေ ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်က ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ငြင်းဆန်ထားပါတယ်။