မြန်မာစစ်တပ်အနေနဲ့ အာဆီ ယံဘုံသဘောတူညီချက် ၅ ရပ်ကို အမြန်အကောင်အထည်ဖော်ဖို့နဲ့ အဲဒီကတဆင့် အာဆီယံခေါင်းဆောင်တွေရဲ့ လုပ်ပိုင်ခွင့်အရ တာဝန်ထမ်းဆောင်ခွင့်ရဖို့ အာဆီယံအထူးသံတမန်ကို ချက်ချင်းဝင်ရောက် ဆောင်ရွက်နိုင်အောင် စီစဉ်ပေးဖို့ အင်ဒိုနီးရှားအစိုးရက တိုက်တွန်းလိုက်ပါတယ်။
အာဆီယံဟာ မိသားစုတခုအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကတဆင့် ကူညီလက်ကမ်းပေးခဲ့ပေမဲ့ ကံမကောင်းစွာပဲ ဒီနေ့အထိ အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှု မရှိသေးဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ဖေဖော်ဝါရီ ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အာဆီယံ ဘုံသဘောတူညီချက်တွေအတွက် နိုင်ငံတကာအသိုက်အဝန်းရဲ့ပံ့ပိုးကူညီမှုကို အင်ဒိုနီးရှားနိုင်ငံက ချီးကျူးဂုဏ်ပြုကြောင်း ပြောပါတယ်။
မြန်မာစစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ တစ်နှစ်မြောက်အချိန်နဲ့ တိုက်ဆိုင်ပြီးလည်း အင်ဒိုနီးရှားအစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာပြည်သူပြည်သားတွေရဲ့ ဘေးကင်းရေးနဲ့ ကျန်းမာရေးအတွက် ဦးစားပေးပြီး အင်ဒိုနီးရှားက ဆက်ပြီး အကူအညီပေးသွားမယ်လို့လည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က ဂျကာတာမှာ ကျင်းပခဲ့တဲ့ အာဆီယံ ခေါင်းဆောင်များအစည်းအဝေးကနေ ဘုံသဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့တာပါ။
သဘောတူညီမှုထဲမှာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေရှာဖို့ သက်ဆိုင်ရာ အင်အားစုအားလုံးအကြား အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးရေး၊ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့အကူအညီနဲ့ အာဆီယံဥက္ကဋ္ဌရဲ့အထူးသံတမန်က ကြားဝင်ဖျန်ဖြေပေးရေး၊ အာဆီယံရဲ့ AHA Centre မှ လူသားချင်းစာနာမှုအကူအညီနဲ့ သက်ဆိုင်ရာ ကဏ္ဍအသီးသီးနဲ့တွေ့ဆုံဖို့ မြန်မာနိုင်ငံကို အာဆီယံအထူးသံတမန်နဲ့ ကိုယ်စားလှယ်အဖွဲ့ လာရောက်ရေးတို့ကို အာဆီယံခေါင်းဆောင်တွေက တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်လို့ စင်ကာပူနိုင်ငံက အလွန်စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး မြန်မာပြည်တွင်း အကျပ်အတည်းအဆုံးသတ်ရေးအတွက် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရာမှာ ထင်သာမြင်သာရှိရှိ တိုးတက်မှုမရှိလို့ စိတ်ပျက်မိကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၇ ရက် မှာ ပြောပါတယ်။
အကြမ်းဖက်မှု ရပ်တန့်ရေး၊ ပါဝင်ပတ်သက်သူအားလုံး အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ထပ်မံတောင်းဆိုပြီး အာဆီယံ အထူးသံတမန်ရဲ့ ပံ့ပိုးကူညီမှုအပါအဝင် အချက်ငါးချက်ပါ သဘောတူညီချက်ကို မြန်မြန်ဆန်ဆန်နဲ့ အပြည့်အ၀ အကောင်အထည်ဖော်ဖို့အတွက် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံကို လာရောက်မယ့် အာဆီယံအထူးသံတမန်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာစစ်အာဏာပိုင်တွေကို တိုက်တွန်းတယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံခြားသား အကျဉ်းသားတွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုပါကြောင်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်ထူထောင်ရေးတို့ကို ထိခိုက်စေမယ့် လုပ်ရပ်တွေကို ရှောင်ရှားကြဖို့ တိုက်တွန်းကြောင်းလည်း ဆိုပါတယ်။
ဒီမှတ်ချက်တွေဟာ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့မေးမြန်းမှုအပေါ် ဖြေဆိုခြင်းလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာကျင်းပတဲ့ အရေးပေါ်အစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက သဘောတူညီချက် ၅ ချက် သဘောတူခဲ့ကြပါတယ်။
သဘောတူညီချက်တွေထဲမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး၊ သက်ဆိုင်သူအားလုံးကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးမှုတွေအဆင်ပြေချောမွေ့စေဖို့ အာဆီယံ အထူးသံတမန်တစ်ဦး ခန့်အပ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေး စတာတွေ ပါဝင်ပါတယ်။
အဆိုပါသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အာဆီယံဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အောက်တိုဘာလကကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခဲ့ခြင်း မရှိသလို နိုဝင်ဘာလမှာလည်း အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံမှ ကိုယ်စားလှယ်မပါဘဲ ကျင်းပခဲ့ပါတယ်။