close

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အမြန်အကောင်အထည်ဖော်ရန် အင်ဒိုနီးရှား တိုက်တွန်း

မြန်မာစစ်တပ်အနေနဲ့ အာဆီ ယံဘုံသဘောတူညီချက် ၅ ရပ်ကို အမြန်အကောင်အထည်ဖော်ဖို့နဲ့ အဲဒီကတဆင့် အာဆီယံခေါင်းဆောင်တွေရဲ့ လုပ်ပိုင်ခွင့်အရ တာဝန်ထမ်းဆောင်ခွင့်ရဖို့ အာဆီယံအထူးသံတမန်ကို ချက်ချင်းဝင်ရောက် ဆောင်ရွက်နိုင်အောင် စီစဉ်ပေးဖို့ အင်ဒိုနီးရှားအစိုးရက  တိုက်တွန်းလိုက်ပါတယ်။

အာဆီယံဟာ မိသားစုတခုအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကတဆင့် ကူညီလက်ကမ်းပေးခဲ့ပေမဲ့ ကံမကောင်းစွာပဲ ဒီနေ့အထိ အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှု မရှိသေးဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ဖေဖော်ဝါရီ ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်တွေအတွက် နိုင်ငံတကာအသိုက်အဝန်းရဲ့ပံ့ပိုးကူညီမှုကို အင်ဒိုနီးရှားနိုင်ငံက ချီးကျူးဂုဏ်ပြုကြောင်း ပြောပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ တစ်နှစ်မြောက်အချိန်နဲ့  တိုက်ဆိုင်ပြီးလည်း  အင်ဒိုနီးရှားအစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

မြန်မာပြည်သူပြည်သားတွေရဲ့ ဘေးကင်းရေးနဲ့ ကျန်းမာရေးအတွက် ဦးစားပေးပြီး အင်ဒိုနီးရှားက ဆက်ပြီး အကူအညီပေးသွားမယ်လို့လည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က ဂျကာတာမှာ ကျင်းပခဲ့တဲ့ အာဆီယံ ခေါင်းဆောင်များအစည်းအဝေးကနေ ဘုံသဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့တာပါ။

သဘောတူညီမှုထဲမှာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေရှာဖို့ သက်ဆိုင်ရာ အင်အားစုအားလုံးအကြား အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးရေး၊ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့အကူအညီနဲ့ အာဆီယံဥက္ကဋ္ဌရဲ့အထူးသံတမန်က ကြားဝင်ဖျန်ဖြေပေးရေး၊ အာဆီယံရဲ့ AHA Centre မှ လူသားချင်းစာနာမှုအကူအညီနဲ့ သက်ဆိုင်ရာ ကဏ္ဍအသီးသီးနဲ့တွေ့ဆုံဖို့ မြန်မာနိုင်ငံကို အာဆီယံအထူးသံတမန်နဲ့ ကိုယ်စားလှယ်အဖွဲ့ လာရောက်ရေးတို့ကို အာဆီယံခေါင်းဆောင်တွေက တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up