မာရီယူပိုမြို့မှာရှိတဲ့ အာဇိုစတယ်သံမဏိစက်ရုံက ယူကရိန်းတိုက်ခိုက်ရေးသမားတွေရဲ့ တူရကီရှိ မိသားစုတွေဟာ သူတို့မိသားစုဝင်တွေရဲ့ ကံကြမ္မာကို စိုးရိမ်နေကြပါတယ်။
ယူကရိန်းတိုက်ခိုက်ရေးသမားရဲ့ ဇနီးဖြစ်သူက သူနဲ့ သူ့ခင်ပွန်းဟာ Telegramမှတဆင့် ဆယ်မိနစ်စာ မက်ဆေ့ချ်အပြန်အလှန် ပေးပို့ခဲ့ပြီးနောက်ပိုင်း ဘာမှမကြားရ သိရတော့တာ ၂ ရက်လောက်ရှိသွားပြီ လို့ အစ္စတန်ဘူလ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရုရှားတပ်တွေဆီမှာ လက်နက်ချခဲ့တဲ့ သူ့ခင်ပွန်းဟာ တစ်နေ့နေ့ အိမ်ပြန်လာမယ်လို့ ယုံကြည်နေသေးကြောင်းလည်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းဆီက အကူအညီ တောင်းနေချိန်မှာပဲ ယူကရိန်းတိုက်ခိုက်ရေးသမားတွေရဲ့ မိသားစုဝင်တွေဟာ ထိန်းသိမ်းခံထားရတဲ့ သူတို့ရဲ့ ချစ်ခင်ရသူတွေကို ကာကွယ်ပေးမယ့် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ထူထောင်ဖို့ အတူတကွ စီစဉ်နေပါတယ်။
ဒဏ်ရာပြင်းပြင်းထန်ထန်ရထားကြတဲ့ ယူကရိန်း တိုက်ခိုက်ရေးသမားတွေကို အာဇိုစတယ် သံမဏိစက်ရုံကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းကယ်ထုတ်ထားကြောင်း ယူကရိန်း-အာဇော့ဗ် တပ်က တပ်မှူးက မေ ၂၀ ရက်မှာ လွှင့်တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ ပြောကြားထားပါတယ်။
ဒါပေမဲ့ ကျန်တဲ့ ကာကွယ်ရေးသမားတွေရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး နောက်ထပ် သဲလွန်စ ဘာမှမရသေးပါဘူး။
ရုရှားကာကွယ်ရေးဝန်ကြီးကတော့ အခုထိ အာဇော့ဗ်စတယ်က ယူကရိန်းစစ်သား ၂၀၀၀ လောက် လက်နက်ချခဲ့ကြောင်း ပြောထားပေမဲ့ အဲဒီအရေအတွက်ကို ယူကရိန်းအရာရှိတွေက အတည်မပြုနိုင်သေးပါဘူး။
မာရီယူပိုမြို့မှာရှိတဲ့ အာဇိုစတယ်သံမဏိစက်ရုံဝင်းထဲကနေ နောက်ဆုံးအချိန်ထိ ခုခံနေတဲ့ ယူကရိန်းစစ်သားတွေအားလုံး လက်နက်ချလိုက်ပြီလို့ ရုရှားက မေလ ၂၀ ရက်မှာ ကြေညာထားပါတယ်။
မာရီယူပိုမြို့မှာရှိတဲ့ အာဇိုစတယ်သံမဏိစက်ရုံဝင်းထဲကနေ နောက်ဆုံးအချိန်ထိ ခုခံနေတဲ့ ယူကရိန်းစစ်သားတွေ အားလုံး လက်နက်ချလိုက်ပြီလို့ ရုရှားက မေလ ၂၀ ရက်မှာ ကြေညာပါတယ်။
ယူကရိန်းစစ်သား ၅၃၁ ယောက်လည်း နောက်ဆုံးအသုတ်အနေနဲ့ လက်နက်ချလိုက်ကြပြီလို့ ဆိုပါတယ်။
သောကြာနေ့မှာ လက်နက်ချတဲ့ ယူကရိန်းစစ်သားတွေကို ကားတွေပေါ်တင်ပြီး ရုရှားတပ်တွေ လုံခြုံရေးအပြည့်နဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ ဒွန်းနက်စ်ခ်ဒေသထဲက အိုလံနစ်ကာ မြို့ဆီကို စနေနေ့မှာ ပို့ဆောင်ပါတယ်။
သံမဏိစက်ရုံ ဗုံးခိုကျင်းထဲကနေထွက်လာပြီး လက်နက်ချတဲ့ ယူကရိန်း စစ်သားအရေအတွက် ရာနဲ့ချီ ရှိပေမယ့် အတိအကျကို မသိရပါဘူး။
လက်နက်ချတဲ့ ယူကရိန်း တိုက်ခိုက်ရေးသမား ၂၀၀၀ အထိ ရှိတယ်လို့ ရုရှားဘက်က ပြောနေပေမဲ့ ယူကရိန်းအစိုးရဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးပါဘူး။
မနေ့ညက နိုင်ငံကို ပြောကြားတဲ့ ရုပ်မြင်သံကြားမှာမိန့်ခွန်းမှာ သမ္မတ ဇီလန်စကီးက သံမဏိစက်ရုံဝင်းထဲကနေ ခုခံနေတဲ့ ယူကရိန်းတပ်တွေကို လက်နက်ချဖို့ မေလ ၁၆ ရက်နေ့ကတည်းက အမိန့်ပေးခဲ့တယ်လို့ ပြောပါတယ်။
ယူကရိန်း လေတပ်က မာရီယူပိုမြို့မှာ ပိတ်မိနေတဲ့ တပ်တွေကို စစ်ကူပေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ အကျအဆုံးများခဲ့တယ်လို့လည်း သမ္မတ ဇီလန်စကီးက ပြောပါတယ်။
အာဇိုစတယ်သံမဏိစက်ရုံမှာ ကျန်နေသေးတဲ့လူတွေကို ကယ်ထုတ်ဖို့ ရုရှားနဲ့ ညှိနှိုင်းနေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက မေ ၁၅ ရက် မိန့်ခွန်းမှာ ပြောပါတယ်။
ရုရှားတပ်တွေဟာ ယူကရိန်းတောင်ပိုင်းက မာရီယူပို ဆိပ်ကမ်းမြို့ အစိတ်အပိုင်း အတော်များများ ကို ရုရှားတပ်တွေက သိမ်းပိုက်ထားပြီး ဖြစ်ပေမယ့် ရာနဲ့ချီတဲ့ ယူကရိန်းတပ်တွေဟာ သံမဏိ စက်ရုံဝင်းထဲကနေ ဆက်ပြီး ခုခံနေဆဲ ဖြစ်ပါတယ်။
“အာဇိုစတယ် စက်ရုံဝင်းထဲကနေ ကျနော်တို့ လူတွေကို ကယ်ထုတ်ဖို့ ညှိနှိုင်းနေတာ ခက်ခဲပါတယ်။ အလွန်အကဲဆတ်ပါတယ်။ ဒါကိစ္စကို နေ့တိုင်း လုပ်နေပါတယ်”လို့ ယူကရိန်း သမ္မတ ဇီလန်စကီးက ပြောသွားပါတယ်။
ဆိုဗီယက်ခေတ်က တည်ဆောက်ထားတဲ့ သံမဏိစက်ရုံဟာ စစ်ဒဏ်ခံနိုင်အောင် ဗုံးခိုကျင်းတွေနဲ့ ခံတပ်လို အသုံးပြုနိုင်တာကြောင့် မြို့ကို ရုရှားတပ်တွေက နှစ်လကျော်ကြာအောင် ဝိုင်းထားပေမဲ့ ယူကရိန်းတပ်တွေက အရှုံးမပေးဘဲ ဆက်ခုခံနေတာပါ။