close

အာဖဂန်အမျိုးသမီးများကို တက္ကသိုလ်ဝင်ခွင့် ဆိုင်းငံ့ထားရန် တာလီဘန် ထုတ်ပြန်

အာဖဂန်နစ္စတန်နိုင်ငံရှိ တာလီဘန်တွေ ကြီးမှူးတဲ့ အဆင့်မြင့်ပညာရေးဝန်ကြီးဌာနဟာ ကျောင်းသူတွေအတွက် တက္ကသိုလ်ဝင်ခွင့်ကို နောက်ထပ်ညွှန်ကြားစာ မထွက်မချင်း ဆိုင်းငံ့ထားဖို့ ဒီဇင်ဘာ ၂၀ ရက်က ထုတ်ပြန်လိုက်ပြီး ဒါကို အမေရိကန်၊ ဗြိတိန်နဲ့ ကုလသမဂ္ဂတို့ကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

အစိုးရဆုံးဖြတ်ချက်အရ အမျိုးသမီးတွေရဲ့ ကျောင်းဝင်ခွင့်ကို ချက်ချင်းရပ်ဆိုင်းဖို့ အာဖဂန် အစိုးရတက္ကသိုလ်တွေနဲ့ ပုဂ္ဂလိက တက္ကသိုလ်တွေကို ညွှန်ကြားထားတဲ့ စာတစောင်ကို တာလီဘန် ဦးစီးတဲ့ အဆင့်မြင့်ပညာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာက အသိအမှတ်မပြုတဲ့ တာလီဘန်အစိုးရရဲ့ ကြေညာချက်ဟာ တက္ကသိုလ်ကျောင်းသား အများအပြား နှစ်ကုန်စာမေးပွဲတွေ ဖြေဆိုနေချိန် ဖြစ်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ နယူးယောက်မှာ အာဖဂန်နစ္စတန်အရေး တွေ့ဆုံနေချိန်မှာ ဒီကြေညာချက် ထွက်လာတာပါ။

ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်နိုင်တဲ့ တာလီဘန်အုပ်ချုပ်ရေးကို တရားဝင် အသိအမှတ်မပြုခင်မှာ အမျိုးသမီးပညာရေးမူဝါဒတွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်း အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံခြားအစိုးရတွေက ပြောပါတယ်။

အမေရိကန် ကုလသမဂ္ဂ လက်ထောက်သံအမတ်ကြီး ရောဘတ်ဝုဒ်က “နိုင်ငံတကာ အသိုက်အဝန်းကနေ တာလီဘန်တွေ ရှာဖွေနေတဲ့ တရားဝင်မှုနဲ့ ထောက်ခံမှုဟာ သူတို့ရဲ့ လုပ်ရပ်တွေကနေတဆင့် အာဖဂန်ပြည်သူတွေဆီကနေ သူတို့ရရှိတဲ့ တရားဝင်မှုကနေ စတင်ပါတယ်လို့ အမေရိကန်ပြည်ထောင်စုက ထပ်တလဲလဲ ပြောထားပြီးသားဖြစ်တယ်” လို့ ပြောပါတယ်။

ဗြိတိန်နိုင်ငံ သံအမတ်ကြီး ဘာဘရာ ဝုဒ်ဝါ့ဒ်ကလည်း တရားမျှတပြီး ဘက်မလိုက်တဲ့ တရားစီရင်ရေးစနစ်နဲ့ ပညာသင်ကြားခွင့်မရှိရင် ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး သာယာဝပြောတဲ့ အာဖဂန်နစ္စတန် မရှိနိုင်ဘူးလို့ ပြောပါတယ်။

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီ ဒူဂျာရစ်က အင်္ဂါနေ့က လုပ်ဆောင်ချက်ဟာ တာလီဘန်တို့ရဲ့ နောက်ထပ် ကတိပျက်မှုတခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“အမျိုးသမီးတွေရဲ့ တက်ကြွစွာပါဝင်မှုနဲ့ အမျိုးသမီးတွေရဲ့ ပညာသင်ကြားမှုမပါဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့၊ စိန်ခေါ်မှုတွေအားလုံးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ စိတ်ကူးဖို့တောင် ခက်ပါတယ်” လို့ ဒူဂျာရစ်က နယူးယောက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up