close

အာဖဂန်နိုင်ငံသား

close

June 28, 2022

ဂွါတာနာမိုအကျဉ်းထောင်၌ ၁၅ နှစ်ကြာ ထိန်းသိမ်းခံခဲ့ရသည့် အာဖဂန်နိုင်ငံသား ၁ ဦး ပြန်လွတ်

အမေရိကန်ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂွါတာနာမို ထောင်ထဲမှာ ၁၅ နှစ်ကြာ တရားမစွဲဘဲ ထိန်းသိမ်းထားခံခဲ့ရတဲ့ အာဂန်နစ္စတန်နိုင်ငံသား  အာ့ဆာဒူလာ ဟာရွန်းဂူးလ်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။

ဂူးလ်ကို အမေရိကန်စစ်တပ်က ၂၀၀၇ ခုနှစ်က  ဂျလာလာဘတ်မြို့ကနေ ဖမ်းခဲ့တာဖြစ်ပြီး အဲဒီနောက် တရားမစီရင်ဘဲ ၁၅ နှစ်ကြာ ထိန်းသိမ်းထားခဲ့တယ်လို့ တာလီဘန် အရာရှိတွေက ပြောပါတယ်။

ပြန်လွတ်မြောက်လာတဲ့ ဂူးလ်ကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်မှာ တာလီဘန် အရာရှိတွေ၊ စစ်သည်တွေ၊ မီဒီယာတွေနဲ့ စေတနာရှင်တွေ ဇွန် ၂၅ ရက်က လာရောက် စုရုံးတွေ့ဆုံခဲ့ကြပါတယ်။

ပြန်လွတ်လာသူ ဂူးလ်က “ကျနော့်ကို ထောင်ထဲမှာ ထိန်းသိမ်းထားတာ တရားမဝင်ပါဘူး။ သူတို့မှာ  သက်သေမရှိဘူး။ အမေရိကန်တွေဟာ စွဲချက် တခုမဟုတ်တခု အခိုင်အမာ ပြောနေခဲ့ပြီး အမှုကိုလည်း တခုပြီးတခု ပြောင်းနေခဲ့တယ်။ သူတို့ အချိန်ဆွဲတာသက်သက်ပဲလို့ ထင်တယ်”လို့ သတင်းထောက်တွေကို အာဖဂန် လေဆိပ်မှာ ပြောပါတယ်။

အကျဉ်းထောင်ထဲမှာ အခွင့်အရေးတွေ ရှင်းရှင်းလင်းလင်း ချိုးဖောက်ခံရပြီး သူ့အပေါ် တလွဲပြောဆိုချက်တွေနဲ့ နှိပ်စက်ပုံတွေကို နောင်ကျရင် အသေးစိတ် ထုတ်ပြောကောင်း ပြောသွားမယ်လို့လည်း ဂူးလ်က ပြောပါတယ်။

ယာယီ အာဖဂန်နိုင်ငံခြားရေးဝန်ကြီး အာမီယာခန်း မတ်တာကီက “ဂူးလ်ဟာ ဘာရာဇဝတ်မှုကိုမှ မကျူးလွန်ခဲ့ဖူးဘူး။ သူ့ကိုပြန်လွှတ်လိုက်တာဟာ တာလီဘန်အစိုးရရဲ့ တရားဝင်မှုကို သက်သေပြနေတယ်” လို့ပြောပါတယ်။

ဂူးလ်ဟာ ဂွါတာနာမိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံရတဲ့ နောက်ဆုံးအာဖဂန်နိုင်ငံသား နှစ်ယောက်ထဲက တယောက်ပါ။

အမေရိကန် ကုန်သွယ်ရေးမျှော်စင်ညီနောင်နဲ့ ပင်တဂွန်စစ်ဌာနချုပ်ကို တိုက်ခိုက်ခဲ့တဲ့ 9/11 တိုက်ခိုက်မှုအပြီး အယ်လ်ကေဒါတွေနဲ့ ပတ်သက်နေတယ်လို့ သံသယရှိသူတွေကို စစ်မေး ထိန်းသိမ်းထားဖို့ ဂွါတာနာမိုဘေး ထောင်ကို ၂၀၀၂ ဇန်နဝါရီလမှာ အမေရိကန် အစိုးရက ဖွင့်လှစ် ခဲ့တာပါ။

နိုင်ငံအတော်များများက ဒါဇင်ချီတဲ့ သံသယရှိသူတွေကို အဲဒီထောင်ဆီ ပို့ခဲ့ပြီး အများအပြားဟာ တရားစီရင်တာ မရှိဘဲ ထိန်းသိမ်းခံခဲ့ရသလို နှိပ်စက်တာနဲ့ အရှက်ခွဲတာတွေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

15 mins Ago

November 4, 2021

အာဖဂန်နိုင်ငံသားများအတွက် ဆောင်းကာလအကူအညီများ UNHCR ပေးပို့

အာဖဂန်နစ္စတန်နိုင်ငံမှာ ပြည်သူတွေဆောင်းရာသီအတွက် ပြင်ဆင်ရေးကူညီဖို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အရေး‌ပေါ် အကူအညီပစ္စည်း တန်ချိန် ၃၀ လောက်ကို သင်္ဘောနဲ့ တင်ပို့ပေးလိုက်ပြီလို့ UNHCR က ထုတ်ပြန်ထားပါတယ်။

အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အာဖဂန်နိုင်ငံသားတွေအတွက် ဆောင်းရာသီ လိုအပ်ချက်တွေ အများစုပါတဲ့ အကူအညီတွေ ကဘူးမြို့တော်ကို ချာတာလေယာဉ်နဲ့ ရောက်လာခဲ့ပါတယ်။

အကူအညီတွေပါတဲ့ ချာတာ လေယာဉ် နောက်ထပ် ၂ စီး ဒီသီတင်းပတ် နှောင်းပိုင်းမှာ ထပ်ရောက်ဖို့ စီစဉ်ထားပြီး ယာယီတဲတွေထဲမှာ နေရသူတွေအတွက် အခင်းတွေနဲ့ အပူအအေး ကာကွယ်တဲ့ ပစ္စည်းတွေ ပါတယ်လို့ ဆိုပါတယ်။

“ဒီနှစ်ထဲမှာ လူ ၁၈ ဒသမ ၄ သန်းဟာ အကူအညီတွေ လိုနေတယ် ၊ အခု ဆောင်းရာသီ ရောက်ပြီမို့ လာမယ့်နှစ်မှာ လူ ၂၄ ဒသမ ၄ သန်းဟာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရေးနဲ့ အာဟာရ အကူအညီတွေ လိုအပ်မယ်လို့ ခန့်မှန်းထားတယ်။ အထောက်အပံ့တွေ ပေးဖို့ အင်မတန် အဆောတလျင် လိုအပ်နေတယ်” လို့ UNHCR ရဲ့ အာဖဂန်နစ္စတန် ဆိုင်ရာ အရေးပေါ် ညှိနှိုင်းဆောင်ရွက်ရေးမှူး တာ့ခဲရှိ မိုရိယာမက ပြောပါတယ်။

အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရကို တာလီဘန်တွေက တိုက်မထုတ်ခင်ကတည်းက အာဖဂန်ပြည်သူ ၁၈ သန်းကျော်ဟာ လူသားချင်းစာနာမှု အကူအညီတွေကို လိုအပ်နေခဲ့တာလို့ UNHCR က ပြောပါတယ်။

ခုတော့ တိုက်ပွဲတွေကြောင့် ပြည်နယ်တွေကနေ ထွက်ပြေးလာတဲ့ လူအများအပြားဟာ မြို့တော် ပတ်လည်က ယာယီတဲတွေထဲမှာ နေရပြီး အေးခဲနေတဲ့ ရာသီဥတုကြောင့် အထောက်အပံ့တွေ အရေးပေါ် လိုအပ်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 

8 months Ago
Up