အာဖဂန်နိုင်ငံသားများအတွက် ဆောင်းကာလအကူအညီများ UNHCR ပေးပို့

အာဖဂန်နစ္စတန်နိုင်ငံမှာ ပြည်သူတွေဆောင်းရာသီအတွက် ပြင်ဆင်ရေးကူညီဖို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အရေးပေါ် အကူအညီပစ္စည်း တန်ချိန် ၃၀ လောက်ကို သင်္ဘောနဲ့ တင်ပို့ပေးလိုက်ပြီလို့ UNHCR က ထုတ်ပြန်ထားပါတယ်။
အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အာဖဂန်နိုင်ငံသားတွေအတွက် ဆောင်းရာသီ လိုအပ်ချက်တွေ အများစုပါတဲ့ အကူအညီတွေ ကဘူးမြို့တော်ကို ချာတာလေယာဉ်နဲ့ ရောက်လာခဲ့ပါတယ်။
အကူအညီတွေပါတဲ့ ချာတာ လေယာဉ် နောက်ထပ် ၂ စီး ဒီသီတင်းပတ် နှောင်းပိုင်းမှာ ထပ်ရောက်ဖို့ စီစဉ်ထားပြီး ယာယီတဲတွေထဲမှာ နေရသူတွေအတွက် အခင်းတွေနဲ့ အပူအအေး ကာကွယ်တဲ့ ပစ္စည်းတွေ ပါတယ်လို့ ဆိုပါတယ်။
“ဒီနှစ်ထဲမှာ လူ ၁၈ ဒသမ ၄ သန်းဟာ အကူအညီတွေ လိုနေတယ် ၊ အခု ဆောင်းရာသီ ရောက်ပြီမို့ လာမယ့်နှစ်မှာ လူ ၂၄ ဒသမ ၄ သန်းဟာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရေးနဲ့ အာဟာရ အကူအညီတွေ လိုအပ်မယ်လို့ ခန့်မှန်းထားတယ်။ အထောက်အပံ့တွေ ပေးဖို့ အင်မတန် အဆောတလျင် လိုအပ်နေတယ်” လို့ UNHCR ရဲ့ အာဖဂန်နစ္စတန် ဆိုင်ရာ အရေးပေါ် ညှိနှိုင်းဆောင်ရွက်ရေးမှူး တာ့ခဲရှိ မိုရိယာမက ပြောပါတယ်။
အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရကို တာလီဘန်တွေက တိုက်မထုတ်ခင်ကတည်းက အာဖဂန်ပြည်သူ ၁၈ သန်းကျော်ဟာ လူသားချင်းစာနာမှု အကူအညီတွေကို လိုအပ်နေခဲ့တာလို့ UNHCR က ပြောပါတယ်။
ခုတော့ တိုက်ပွဲတွေကြောင့် ပြည်နယ်တွေကနေ ထွက်ပြေးလာတဲ့ လူအများအပြားဟာ မြို့တော် ပတ်လည်က ယာယီတဲတွေထဲမှာ နေရပြီး အေးခဲနေတဲ့ ရာသီဥတုကြောင့် အထောက်အပံ့တွေ အရေးပေါ် လိုအပ်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။