အာဖရိကနိုင်ငံများဖလားဘောလုံးဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းက အီဂျစ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့အနိုင်ရပြီး သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်စွဲသွားပါတယ်။
ပွဲအစ ၇ မိနစ်ကတည်းက ဆီနီဂေါက ပယ်နယ်တီရခဲ့ပြီး မာနေးကန်သွင်းချက် ဂိုးမဝင်ခဲ့တာကြောင့် အချိန်ပိုအထိ ဆက်ကစားခဲ့ရတာပါ။
အချိန်ပိုမိနစ် ၃ဝ မှာလည်း ဂိုးမသွင်းနိုင်ခဲ့ကြလို့ ပင်နယ်တီကန်သွင်းပြီးဆုံးဖြတ်ခဲ့ရာမှာ ဆီနီဂေါက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
အီဂျစ်ကပင်နယ်တီနှစ်ကြိမ်လွဲချော်ခဲ့ပြီး ဆီနီဂေါက တစ်ကြိမ်သာလွဲချော်ခဲ့ကာ အနိုင်ရရှိစေမယ့်နောက်ဆုံးပင်နယ်တီကို မာနေးက ကန်သွင်းပြီး ၄ ဂိုး ၂ ဂိုးနဲ့ ဆီနီဂေါက အနိုင်ရခဲ့တာပါ။
၁၉၅၇ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ အာဖရိကနိုင်ငံများဖလားသမိုင်းမှာ ဆီနီဂေါအသင်းက ၂၀၀၂ ခုနှစ်နဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တွေမှာ ဗိုလ်လုပွဲ ၂ ကြိမ် တက်ရောက်ခဲ့ဖူးပေမဲ့ ဒုတိယဆုတွေနဲ့သာကျေနပ်ခဲ့ရတာပါ။
အခုနှစ်ပြိုင်ပွဲမှာ ဆီနီဂေါအသင်း ချန်ပီယံဖြစ်ခဲ့တာကြောင့် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံဆုဖလားရယူနိုင်ခဲ့ပါတယ်။
ချန်ပီယံ ၇ ကြိမ်နဲ့ အအောင်မြင်ဆုံးအသင်း အီဂျစ်အသင်းကတော့ ဒီနှစ်ဗိုလ်လုပွဲမှာရူံးနိမ့်ခဲ့လို့ ၂၀၁၀ နောက်ပိုင်း ချန်ပီယံဆုနဲ့ ဝေးကွာနေဆဲဖြစ်ပါတယ်။
မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ ကင်မရွန်းနဲ့ ရှုံးထွက်ပွဲစဉ်မှာ ကိုမိုရော့စ်အသင်းက နောက်ခံလူတစ်ဦးကို ဂိုးသမားအဖြစ် အသုံးပြုသွားခဲ့ရပါတယ်။
အဲဒီ အာဖရိကဖလား ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ ကင်မရွန်းက ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။
ကိုမိုရော့စ်အသင်းဟာ ကိုဗစ်နဲ့ဒဏ်ရာပြဿနာတွေကြောင့် ဂိုးသမား ၃ ဦးစလုံး မကစားနိုင်ခဲ့တာကြောင့် အရပ် ၅ ပေ ၇ လက်မရှိ ဘယ်နောက်ခံလူ အယ်ဟတ်ဟာကို ဂိုးသမားအဖြစ် အသုံးပြုခဲ့ရပါတယ်။
ကမ္ဘာ့အဆင့် ၁၃၂ မှာရှိတဲ့ အာဖရိကကျွန်းနိုင်ငံ ကိုမိုရော့စ်ဟာ အသင်းသားစုစုပေါင်း ၁၂ ဦးအထိ ကိုဗစ်ပိုးတွေ့ခဲ့လို့ အခက်အခဲရှိခဲ့ပါတယ်။
ပွဲအစ ၇ မိနစ်မှာလည်း နောက်ခံလူ အက်ဗ်ဒူ ထုတ်ပယ်ခံခဲ့ရလို့ တစ်ယောက်လျော့နဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။
အရန်ဂိုးသမား အာမာဒါဟာ ပွဲကစားမယ့်နေ့မှာ ကိုဗစ် Negative ထွက်ခဲ့ပေမယ့် ပြိုင်ပွဲစည်းမျဉ်းအရ ၅ ရက်ပြည့်တဲ့အထိ ကွာရန်တင်းဝင်ဖို့လိုအပ်တာကြောင့် ကစားခွင့်မရခဲ့တာပါ။
ဂိုးသမားနေရာမှာ ကစားသွားတဲ့ ပြင်သစ်ဒုတိယတန်းကလပ် အဂျက်စီယိုနောက်ခံလူ အယ်ဟတ်ဟာ က ၂ ဂိုးပေးခဲ့ရပေမယ့် ၄ ကြိမ်အထိ ကာကွယ်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။