close

အားကစားဆောင်းပါး

close

December 16, 2022

နောက်ကွယ်ကနေ ပြင်သစ်အသင်းကို ဆွဲတင်ပေးသူ သို့မဟုတ် ဂရစ်ဇ်မန်း

လွန်ခဲ့တဲ့လပိုင်းကဆိုရင် တီကိုနဲ့ ဘာကာကြားက စာချုပ်ကိစ္စနဲ့ပတ်သက်ပြီး ဂရစ်ဇ်မန်းတယောက် အက်သလက်တီကိုမှာ လူစားဝင်ကစားသမားအဖြစ် ကစားနေရသူ ဖြစ်ခဲ့တယ်။ ဒီအချိန်မှာတော့ မိခင်နိုင်ငံ ပြင်သစ်အသင်းကို ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ပို့ဆောင်နိုင်ခဲ့တဲ့ ကစားသမားတဦး ဖြစ်နေပါပြီ။ ဒါပေမဲ့ အရင်လို တိုက်စစ်မှူးတဦး အနေနဲ့တော့ မဟုတ်ပါဘူး။ မိခင်နိုင်ငံနဲ့ နည်းပြ ဒစ်ရှ်ရွှန့်အတွက် ကွင်းလယ်အထိဆင်းပြီး နံပါတ် ၈ နေရာမှာ ပြောင်းလဲကစားပေးခဲ့တယ်။

အခုနှစ်ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းအတွက် သွင်းဂိုးတွေကို စတားပလေယာ အမ်ဘာပေနဲ့ တိုက်စစ်မှူး အိုလီဗီယာဂျရူးတို့က အများဆုံးသွင်းယူပြီး လူတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်ကွယ်ကနေ ပံ့ပိုးပေးနေတဲ့ ဂရစ်ဇ်မန်းရဲ့ အခန်းကဏ္ဍကတော့ သူတို့လောက် ချီးကျူးမခံရပါဘူး။ ဂရစ်ဇ်မန်းဟာ ဗိုလ်လုပွဲတက်ရောက်ရာ လမ်းကြောင်းမှာ ပြင်သစ်အသင်းအတွက် ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး သွင်းဂိုးတော့ မရသေးပါဘူး။ ဒါက သူကစားနေတဲ့နေရာနဲ့ သက်ဆိုင်ပြီး အမ်ဘာပေ၊ ဂျရူးနဲ့ ဒမ်ဘီလီတို့လို တိုက်စစ်ကစားသမားတွေရဲ့နောက်မှာ ပံ့ပိုးသူအနေနဲ့ပဲ ကစားစေခဲ့တာကြောင့် ဖြစ်တယ်။ လက်ရှိအချိန်အထိ အခွင့်အရေးဖန်တီးမှု ၂၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အပိုင်အခွင့်အရေး ၇ ကြိမ် ဖန်တီးနိုင်ခဲ့တယ်။ ဒီအချက်အလက်တွေအရ ဂရစ်ဇ်မန်းဟာ ဒီနှစ်ကမ္ဘာ့ဖလားမှာ အခွင့်အရေး ဖန်တီးနိုင်မှု အများဆုံး ကစားသမားပါပဲ။ ထောင့်ကန်ဘောတွေ အပါအဝင် ပြိုင်ဘက်ဧရိယာထဲကို ပေးပို့မှု ၄၇ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး  ဒါဟာလည်း အများဆုံးပမာဏ ဖြစ်ပါတယ်။

ပြင်သစ်ကွင်းလယ်မှာ ကန်တေနဲ့ ပေါ့ဘာတို့လို ဝါရင့်ကစားသမားတွေ ဒဏ်ရာရခဲ့တာကြောင့်လည်း ဂရစ်ဇ်မန်းအတွက် နေရာပြောင်းလဲကစားရဖို့ ဖြစ်လာခဲ့တယ်။ ဂရစ်ဇ်မန်းနဲ့ပတ်သက်ပြီး နည်းပြ ဒစ်ရှ်ရွှန့်က “သူ့ဆီကနေ ကွဲပြားခြားနားတဲ့အရာတခု တောင်းဆိုခဲ့တယ်။ စိုးရိမ်ပူပန်စရာတော့ မရှိခဲ့ပါဘူး။ သူက လုပ်အားကောင်းမွန်တဲ့ ကစားသမားဖြစ်သလို ဘောလုံးထိချက်တွေနဲ့ ပေးပို့မှု နှစ်ခုစလုံး လုပ်ဆောင်ရာမှာ ဖိအားဒဏ်လည်း ခံနိုင်တယ်။ သူ့အတွက် သွင်းဂိုးတွေ နည်းပါးသွားမှာမှန်ပေမဲ့ ဘောလုံးဖျက်ထုတ်မှုတွေနဲ့ ဆယ်ယူမူတွေ လုပ်ရတာကိုလည်း သူနှစ်သက်ပါတယ်။ သူ့ရဲ့ဘယ်ခြေက လှပသေသပ်တဲ့ ဖန်တီးမှုတွေ လုပ်နိုင်ပြီး တည်ကန်ဘောတွေကနေလည်း ကန်သွင်းမှုတွေ လုပ်ဆောင်နိုင်တယ်” လို့ ချီးကျူးပါတယ်။

သူ့ရဲ့နေရာသစ်နဲ့ပတ်သက်ပြီး ဂရစ်ဇ်မန်းက “လက်ရှိ ကျနော်ကစားနေတဲ့ နေရာသစ်က လွတ်လွတ်လပ်လပ် ဖြစ်စေပြီး ခံစစ်နဲ့ တိုက်စစ်ကြားထဲကနေ ချိတ်ဆက်ပေးရပါတယ်။ ကျနော့်ရှေ့မှာ တိုက်စစ်ကစားသမား ၃ ဦးရှိတယ်။ ဒါက ဘောလုံးပေးပို့ဖို့ ရွေးချယ်စရာ ပိုများပြီး ကျနော့်အတွက် လွယ်ကူစေတယ်။ ဘယ်နေရာမှာ ကစားရသည်ဖြစ်စေ နိုင်ငံနဲ့ ဂျာစီအတွက်၊ နည်းပြ ဒစ်ရှ်ရွှန့်အတွက် အရာအားလုံး ပေးဆပ်ထားပြီးသားပါ။ အကောင်းဆုံး ကြိုးစားခဲ့တာကြောင့်လည်း နည်းပြရဲ့ ယုံကြည်မှုကို ရခဲ့တယ်။ ကျနော့်အတွက် သူ့ကို (ဒစ်ရှ်ရွှန့်) ဂုဏ်ရှိစေချင်တာလည်း ပါတယ်” လို့ ပြောပြခဲ့တယ်။

ပြင်သစ်ဘောလုံးဂျာနယ်လစ်တဦးဖြစ်သူ ဂျူလီယန်လော်ရန်ကတော့ “ဂရစ်ဇ်မန်းကို ကွင်းလယ်မှာ ပြေးလွှား လှည့်ပတ်ကစားစေပြီး နံပါတ် ၈ နေရာမှာ ပြုပြင်ပြောင်းလဲ ကစားစေတာက နည်းပြ ဒစ်ရှ်ရွှန့်အတွက် ခမ်းနားတဲ့ အိုင်ဒီယာအသစ်တခု ဖြစ်လာတယ်။ ဂရစ်ဇ်မန်းကလည်း ထူးချွန်စွာ ကစားပြနိုင်တယ်။ ဒီကမ္ဘာ့ဖလားမှာ အခွင့်အရေး ဖန်တီးနိုင်မှု အများဆုံး ကစားသမားက သူပဲလေ။ တပွဲကို ပျမ်းမျှ ငါးကြိမ်လောက် ဘောလုံးဆယ်ယူမှုတွေလည်း လုပ်ဆောင်နိုင်ခဲ့တယ်” လို့ ချီးကျူးပါတယ်။

အသက် ၃၁ နှစ်ရှိ ဂရစ်ဇ်မန်းဟာ ၂၀၁၄ ကမ္ဘာ့ဖလား၊ ယူရို ၂၀၁၆၊ ၂၀၁၈ ကမ္ဘာ့ဖလား၊ ယူရို ၂၀၂၀ နဲ့ လက်ရှိ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်ကစားခဲ့တယ်။ ဒီနှစ်ကမ္ဘာ့ဖလားမှာတော့ တိုက်စစ်မှူးနေရာ ကစားရတာမဟုတ်လို့ ကန်သွင်းချက်တွေ နည်းပါးသွားပြီး သွင်းဂိုးမရှိသေးပေမဲ့ အခွင့်အရေး ဖန်တီးနိုင်မှုမှာတော့ အများဆုံး ပြုလုပ်နိုင်ခဲ့တယ်။ သူဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ သွင်းဂိုး ၄ ဂိုးနဲ့ ငွေဖိနပ်ဆုရခဲ့သလို ကြေးဘောလုံးဆုနဲ့ တတိယ အကောင်းဆုံးကစားသမား ဖြစ်ခဲ့တယ်။ ယူရို ၂၀၁၆ မှာ သွင်းဂိုး ၆ ဂိုးနဲ့ ရွှေဖိနပ်ဆု ရခဲ့ပါသေးတယ်။

အချက်အလက်တွေအရ ပြင်သစ်အသင်းရဲ့ နောက်ဆုံး ၇၂ ပွဲမှာ အရေးပါဆုံး ကစားသမား ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကြယ်ပွင့်တိုက်စစ်မှူး အမ်ဘာပေနဲ့ ဒီနှစ်ကမ္ဘာ့ဖလားမှာ သွင်းဂိုးတွေ ရနေတဲ့ ဂျရူးတို့လောက်တော့ လူတွေရဲ့ချီးကျူးမှု မခံရသေးပါဘူး။ တကယ်တော့လည်း လူတွေရဲ့ ချီးကျူးမှုထက် နိုင်ငံနဲ့ နည်းပြအတွက်ပဲ ဂရစ်ဇ်မန်းက ပိုပြီး အာရုံစိုက်ထားသူပါ။ ဂရစ်ဇ်မန်းဟာ အသင်းရဲ့ လိုအပ်ချက်အရ တိုက်စစ်မှူးနေရာကနေ ကွင်းလယ်နေရာ ပြောင်းကစားပြီး နောက်ကွယ်ကနေ ပံ့ပိုးရင်း နိုင်ငံအတွက် အစွမ်းကုန် ဆက်ပြီး ပေးဆပ်ကစားဖို့ စိတ်ပိုင်းဖြတ်ထားသူလည်း ဖြစ်ပါတယ်။

ဝဏ္ဏကို

10 mins Ago

November 9, 2022

သွေးစွန်းမှုနဲ့ အငြင်းပွားမှုတွေကြားက ကာတာကမ္ဘာ့ဖလား

ဘောလုံးပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး နိုင်ငံတကာပြိုင်ပွဲဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးက လာမယ့် နိုဝင်ဘာ ၂၀ ရက်မှာ စတင်ပါတော့မယ်။ ၂၀၁၀ ပြည့်နှစ်က ကာတာနိုင်ငံကို အိမ်ရှင်ကျင်းပခွင့် ပေးလိုက်ကတည်းက စတင်လာတဲ့ အငြင်းပွားမှုတွေဟာ ပြိုင်ပွဲကျင်းပဖို့ ၂ ပတ်ခန့်ကြာတဲ့အထိ ဆူညံနေဆဲ ဖြစ်တယ်။ ဒီလိုအငြင်းပွားမှုတွေရဲ့ နောက်ကွယ်မှာ အမှန်တကယ် အဂတိလိုက်စားမှုတွေ၊ သွေးထွက်သံယိုမှုတွေ၊ ထိခိုက်နစ်နာမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မူတွေ ရှိနေတာကြောင့်လည်း ဝေဖန်သံတွေ ကျယ်လောင်နေတာ ဖြစ်တယ်လို့ ဆိုရမှာပါ။

အာရပ်ကမ္ဘာရဲ့ ပထမဆုံးကမ္ဘာ့ဖလား

လူဦးရေ ၂ ဒသမ ၉ သန်းလောက်ပဲရှိတဲ့ အရှေ့အလယ်ပိုင်းက ကာတာနိုင်ငံဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေကြောင့် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတနိုင်ငံ ဖြစ်တယ်။ ကမ္ဘာ့ဖလားလို ပြိုင်ပွဲမှာတော့ တကြိမ်တခါမှ ခြေစစ်ပွဲ အောင်မြင်ခဲ့ဖူးခြင်းမရှိဘဲ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရတဲ့ အခုနှစ်ပြိုင်ပွဲမှသာ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရမှာပါ။ ၂၀၁၀ ပြည့်နှစ်မှာ ကာတာနိုင်ငံဟာ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ သြစတြေးလျနိုင်ငံတွေကို အနိုင်ရပြီး အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပခွင့်ရတဲ့ အာရပ်နိုင်ငံ ဖြစ်လာခဲ့ပြီး သမိုင်းတလျှောက် အသေးငယ်ဆုံး အိမ်ရှင်နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ကာတာ ကမ္ဘာ့ဖလား ကျင်းပခွင့်ရတဲ့ နောက်ကွယ်မှာ အဂတိလိုက်စားမှု အရှုပ်အထွေးတွေလည်း ရှိခဲ့တယ်။ ကာတာဟာ အိမ်ရှင်ကျင်းပခွင့်ရဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကို ပေါင် ၃ သန်း လာဘ်ငွေပေးတယ်လို့ စွပ်စွဲခံခဲ့ရပြီး ၂ နှစ်ကြာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပေမဲ့ ကမ္ဘာ့အကြီးမားဆုံး ဘောလုံးအဖွဲ့အစည်းကြီးကိုယ်တိုင် ပါဝင်ပတ်သက်တဲ့ ဒီစုံစမ်းရေးအဖွဲ့ဟာ သက်သေရှာမရခဲ့ဘဲ ပြီးဆုံးသွားခဲ့တယ်။ ကာတာအာဏာပိုင်တွေဟာ မဲပေးရွေးချယ်ပေးခဲ့တဲ့ ဖီဖာ အမှုဆောင်ကော်မတီဝင်တွေကိုလည်း တံစိုးလက်ဆောင်တွေနဲ့ စည်းရုံးသိမ်းသွင်းခဲ့တယ်။ နောက်ပိုင်းမှာ အဲဒီတုန်းက ဖီဖာဥက္ကဋ္ဌ ဆပ်ဘလက်တာ ကိုယ်တိုင် ကာတာနိုင်ငံကို အိမ်ရှင်ကျင်းပခွင့် ပေးခဲ့တာဟာ မှားယွင်းမှုတခု ဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့တယ်။ သူကိုယ်တိုင်လည်း ပြိုင်ပွဲကျင်းပခွင့်ပြုခဲ့ရာမှာ အဂတိလိုက်စားမှုတွေကြောင့် တခြားတာဝန်ရှိသူတွေနဲ့အတူ ဘောလုံးလောကနဲ့ ၈ နှစ် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရတယ်။ ဒီလိုပြဿနာတွေ အစပဲရှိသေးပြီး ကမ္ဘာ့ဖလားနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေဟာ တောက်လျှောက် ပေါ်ပေါက်လာခဲ့တယ်။

သွေးစွန်းခဲ့ရတဲ့ ရွှေ့ပြောင်းလုပ်သားတွေ

လူဦးရေ ၂ ဒသမ ၉ သန်းပဲရှိတဲ့ ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားကျင်းပဖို့ ရှိလာတော့ ကွင်းရုံတွေ အသစ်တည်ဆောက်ရပါတယ်။ ကမ္ဘာ့ဖလား လက်ခံကျင်းပနိုင်တဲ့ ကွင်းသစ် ၇ ကွင်း ဆောက်ရသလို လေဆိပ်အသစ်၊ ဟိုတယ်သစ် အလုံး ၁၀၀ နဲ့ တခြား အခြေခံအဆောက်အအုံပေါင်း များစွာကို အသစ်တည်ဆောက်ခဲ့တယ်။ အဲဒီအတွက် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါတို့လို တောင်အာရှနိုင်ငံတွေကနေ အလုပ်သမားတွေ ခေါ်ယူခဲ့တယ်။ လုပ်ငန်းခွင်တွေအတွင်းမှာ လုံခြုံမှုမရှိတာတွေကြောင့် အလုပ်သမား ၇,၀၀၀ နီးပါး သေဆုံးခဲ့ကြရတယ်။ ဒါ့အပြင် လုပ်ခနည်းပါးမှုတွေ၊ လုပ်ခလစာ မရတာတွေ၊ ပတ်စ်ပို့ အသိမ်းခံရပြီး ပူပြင်းတဲ့အချိန်တွေထဲ ပင်ပင်ပန်းပန်း အလုပ်စေခိုင်းခံရမှုတွေ ရှိခဲ့တယ်။ လုပ်ငန်းခွင်တွေအတွင်း ထိခိုက်မှုအရေအတွက်ဟာလည်း  ၃၇,၀၀၀ ကျော်ရှိခဲ့တယ်။ ကွင်းရုံတွေ ပြီးစီးသွားတဲ့ လက်ရှိအချိန်မှာတော့ ရွှေ့ပြောင်းလုပ်သားတွေဟာ နိုင်ငံကနေ နှင်ထုတ်ခံရတာတွေ၊ နေရာရွှေ့ပြောင်းပေးရတာတွေ ကြုံတွေ့နေရဆဲ ဖြစ်တယ်။

လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ

ကာတာနိုင်ငံမှာ လိင်တူချင်းဆက်ဆံမှုဟာ တရားမဝင်တဲ့အပြင် အစ္စလာမ္မစ်ဥပဒေအရ ကိုယ်ကျင့်သိက္ခာ ပျက်ပြားသော အပြုအမူအဖြစ် သတ်မှတ်ပြီး ၇ နှစ်ကနေ အထက်ထိ ထောင်ဒဏ်ချမှတ်နိုင်ပါတယ်။ ပြိုင်ပွဲနီးကပ်လာချိန်မှာတော့ ကမ္ဘာတဝန်းက ဘယ်လိုပရိသတ်မျိုးမဆို ကာတာနိုင်ငံက ကြိုဆိုကြောင်း ဖိတ်ခေါ်ထားပေမဲ့ ကမ္ဘာ့ဖလားကို လာရောက်ကြည့်ရှုကြမယ့် လိင်တူချစ်သူတွေအတွက် တင်းကျပ်တဲ့ဥပဒေတွေကို ဖျက်သိမ်းပေးတာမျိုးမရှိဘဲ ဆက်လက်ပြဋ္ဌာန်းထားဆဲပါပဲ။ ပြိုင်ပွဲကျင်းပရေးအရာရှိချုပ် နက်ဆာ အယ်ခါတာ ကိုယ်တိုင်က ဥပဒေတွေကို ပြောင်းလဲမှာမဟုတ်ဘဲ ကာတာနိုင်ငံရဲ့ ယဉ်ကျေးမှုကို လေးစားမှုရှိဖို့ တောင်းဆိုခဲ့တယ်။ အများပြည်သူပိုင်နေရာတွေမှာ အရက်သောက်သုံးခွင့်နဲ့ မသင့်လျော်တဲ့ ပြောဆိုမှုတွေကို တားမြစ်ထားတယ်။ ဆေးလိပ်နဲ့ အရက် သောက်သုံးခွင့်နေရာတွေကို သတ်မှတ်ထားပေမဲ့ ဘီယာတခွက်ကို  ၁၀ ပေါင်လောက် ကျသင့်မှာဖြစ်လို့ မြန်မာငွေနဲ့သာ တွက်ကြည့်ရင် မျက်ခုံးလှုပ်စရာပါပဲ။ အထူးသဖြင့် စိတ်ကျေနပ်ပျော်ရွှင်ဖို့ ကမ္ဘာ့ဖလား လာရောက်ကြည့်ရှုကြမယ့် အလွှာမျိုးစုံက သန်းချီသော ပရိသတ်တွေအတွက်တော့ သူတို့ရဲ့ လွတ်လပ်မှုတွေကို ကန့်သတ်ခံရမှာပဲ ဖြစ်တယ်။ လိင်တူကိစ္စအပေါ် အင်္ဂလန်နဲ့ အမေရိကန် အမျိုးသမီးလက်ရွေးစင် ကစားသမားတွေက လူသိရှင်ကြား ဝေဖန်ခဲ့ကြပြီး ကမ္ဘာ့ဖလားပွဲစဉ်တွေကို ကြည့်ရှုမှာ မဟုတ်ကြောင်း တုံ့ပြန်ခဲ့တယ်။

သပိတ်မှောက်ကြမယ့် နိုင်ငံတွေနဲ့ ကစားသမားတွေ

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဟာ စတင်ကျင်းပခွင့်ရကတည်းက အဂတိလိုက်စားမှုတွေရှိခဲ့ပြီး အလုပ်သမား အခွင့်အရေးတွေနဲ့ လူ့အခွင့်အရေးတွေလည်း ချိုးဖောက်ခံခဲ့ရတယ်။ အထူးသဖြင့် ကွင်းရုံတွေအတွက် အလုပ်လုပ်ပေးခဲ့ကြတဲ့ ရွှေ့ပြောင်းလုပ်သား ၇,၀၀၀ နီးပါး သေဆုံးခဲ့ကြရတာဟာ ခွင့်လွှတ်နိုင်စရာကိစ္စ မဟုတ်ဘူးလို့ ဝေဖန်သူတွေရှိတယ်။ ဒါကြောင့်လည်း ဒိန်းမတ်အသင်းက သူတို့ရဲ့ လိုဂိုနဲ့ စပွန်စာတံဆိပ်တွေကို ဂျာစီအရောင်နဲ့ ဖုံးအုပ်ပြီး ဝတ်ဆင်မှာ ဖြစ်သလို အဝေးကွင်းဂျာစီကိုလည်း အနက်ရောင်တမျိုးတည်းသာ သုံးပြီး သေဆုံးခဲ့ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ဝတ်ဆင်ကစားကြမှာ ဖြစ်တယ်။ အလားတူ သြစတြေးလျ အသင်းသားတွေဆိုရင်လည်း လူ့အခွင့်အရေးကို ကန့်သတ်ထားတဲ့ ဥပဒေတွေကို ဖျက်သိမ်းပေးဖို့နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဝမ်းနည်းမိကြောင်း ဗွီဒီယိုနဲ့တကွ တိုက်တွန်း တင်ပြခဲ့တယ်။ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်း အပါအဝင် တခြားအသင်းတွေက အသင်းခေါင်းဆောင် ၉ ဦးကတော့ ကာတာနိုင်ငံက ခွဲခြားဆက်ဆံထားတဲ့ လူ့အခွင့်အရေးတွေကို ကန့်ကွက်တဲ့အနေနဲ့ ကမ္ဘာ့ဖလားမှာ One Love ဆိုတဲ့ စာသားပါ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ကြမှာ ဖြစ်တယ်။ ဒါ့အပြင် ပြင်သစ်နိုင်ငံ မြို့တော် ပဲရစ် အပါအဝင် တခြားမြို့ကြီးတွေမှာလည်း ကမ္ဘာ့ဖလားပွဲစဉ်တွေကို အများပြည်သူပိုင် နေရာတွေမှာ တိုက်ရိုက်ထုတ်လွှင့်ပြသမှာ မဟုတ်ကြောင်း ထုတ်ပြန်ထားတယ်။ လူပုဂ္ဂိုလ်တွေထဲမှာလည်း ကာတာကမ္ဘာ့ဖလားကို သပိတ်မှောက်ကြသူတွေရှိပြီး မန်ယူဂန္ထဝင် အဲရစ်ကန်တိုနာကတော့ ပြိုင်ပွဲကို ကြည့်ရှုမှာမဟုတ်ဘဲ အခုနှစ် ကမ္ဘာ့ဖလားမှာ ဖောက်ပြန်မှုတခုသာ ဖြစ်ကြောင်း ဝေဖန်ခဲ့တယ်။

သွေးစွန်းသော ကမ္ဘာ့ဖလား

ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ဖို့ ရက်သတ္တပတ် နှစ်ပတ်အလိုမှာတော့ အငြင်းပွားမှုတွေကို မေ့လိုက်ပြီး ပြိုင်ပွဲကိုပဲ အာရုံစိုက်ကြဖို့ ဖီဖာဘက်က အသင်းတွေကို တိုက်တွန်းတဲ့စာ ရေးသားပေးပို့ခဲ့တယ်။ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ကတော့ ဘောလုံးကနေတဆင့် လူအဖွဲ့အစည်းကို အားအင်တွေ ပေးသင့်ပြီး အားလုံး စုစုစည်းစည်းနဲ့ ကာတာကမ္ဘာ့ဖလားကို အားပေးထောက်ခံသင့်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ ဥရောပနိုင်ငံတွေကတော့ သွေးစွန်းမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တဲ့ ကာတာကမ္ဘာ့ဖလားကို ဆက်လက်ဝင်ပြိုင်ကြမှာဖြစ်ပေမဲ့ သူ့နည်းသူ့ဟန်နဲ့အတူ လှုံ့ဆော်မှုတွေ ပြုလုပ်ကြမှာပါ။ ကမ္ဘာတဝန်းက လူ့အခွင့်အရေးနဲ့ LGBT အရေး တက်ကြွလှုပ်ရှားသူတွေကလည်း ပြိုင်ပွဲဝင်အသင်းတွေကို တနည်းတဖုံနဲ့ ကန့်ကွက်ဆန္ဒပြဖို့ တိုက်တွန်းထားတယ်။ ဖီဖာဥက္ကဋ္ဌဟောင်း ဆပ်ဘလက်တာကတော့ သူကိုယ်တိုင် ကျင်းပခွင့်ပေးခဲ့တဲ့ ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားလို ပြိုင်ပွဲကြီးတခုအတွက် သေးငယ်လို့ ကျင်းပခွင့်ပေးခဲ့တာက မှားယွင်းမှုဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တယ်။

ဒီလို အငြင်းပွားဖွယ်ရာတွေ ပြည့်နှက်နေတဲ့ ကာတာကမ္ဘာ့ဖလားဟာ လာမယ့် ၂ ပတ်အတွင်းမှာ စတင်တော့မှာပါ။

လေ့လာသူတွေ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်လိုသူတွေကတော့ ကာတာကမ္ဘာ့ဖလားဟာ သွေးစွန်းတဲ့ပြိုင်ပွဲ ဖြစ်တယ်။ ကြွေလွင့်သွားခဲ့ရတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် တန်ရာတန်ကြေး ပြန်လည်မပေးဆပ်ဘူး ဆိုရင် လာမယ့်ကမ္ဘာ့ဖလားတွေအထိ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဝိညာဉ်တွေက ခြောက်လှန့်နေလိမ့်မယ်လို့ သတိပေးခဲ့ကြပါတယ်။

ဝဏ္ဏကို

1 month Ago
Up