အိန္ဒိယတောင်ပိုင်း မီဒီယာနဲ့ ဖျော်ဖြေရေးလုပ်ငန်းဟာ ၂၀၂၂ ခုနှစ်မှာ ၃၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၃ ဒသမ ၅၇ ဘီလီယံနဲ့ စံချိန်တင်နိုင်ခဲ့ကြောင်း Confederation of Indian Industry (CII) က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ဘာသာစကားလေးမျိုး ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ဝင်ငွေလမ်းကြောင်းတွေထဲက အကြီးဆုံးအပိုင်းက ပြည်တွင်းရုပ်ရှင်ရုံက ရရှိတဲ့ဝင်ငွေဖြစ်ပြီး ဒစ်ဂျစ်တယ် တိုက်ရိုက်ထုတ်လွှင့်ခွင့်က ဒေါ်လာ ၂၂၄ သန်းနဲ့ ဂြိုဟ်တုလုပ်ပိုင်ခွင့်က ဒေါ်လာ ၁၆၁ သန်းဖြစ်ပြီး ကျန်တာတွေကတော့ ပြည်ပရုပ်ရှင်ကဇာတ်ရုံတွေနဲ့ ဂီတမူပိုင်ခွင့်တွေအတွက် ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ တောင်ပိုင်းဒေသဟာ နိုင်ငံ့လူဦးရေ ၁ ဒသမ ၄ ဘီလီယံရဲ့ ၂၀ ရာခိုင်နှုန်းပဲ ရှိပေမဲ့ နိုင်ငံ့ GDP ကိုတော့ ၃၂ ရာခိုင်နှုန်း ထောက်ပံ့ပေးနေတာဖြစ်ပြီး အစီရင်ခံစာမှာတော့ အိန္ဒိယရုပ်ရှင်အားလုံးရဲ့ ဝင်ငွေဟာ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယတောင်ပိုင်းကတော့ ဒေါ်လာ ၉၉၅ သန်း ဒါမှမဟုတ် စုစုပေါင်း ဝင်ငွေရဲ့ ၅၂ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။
အစီရင်ခံစာမှာ အိန္ဒိယရှိ ရုပ်ရှင်ရုံစုစုပေါင်းမှာ ၈,၇၀၀ အဖြစ် မှတ်တမ်းတင်ထားပြီး အိန္ဒိယ တောင်ပိုင်းမှာ ရုပ်ရုင်ရုံ ၄,၂၁၆ ခုနဲ့ ၄၈ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။
“အစီရင်ခံစာမှာ ဖော်ပြထားတဲ့အတိုင်း တောင်အိန္ဒိယရဲ့ မီဒီယာနဲ့ ဖျော်ဖြေရေးကဏ္ဍဟာ ဒေသတွင်း ဘာသာစကားရုပ်ရှင်လုပ်ငန်းနဲ့ တိုးတက်မှုအတွက် စံနှုန်းအသစ်တွေ သတ်မှတ်ပေးထားပြီး ကြီးမားတဲ့ တိုးတက်မှုအတွက် ပြင်ဆင်နေပါတယ်” လို့ CII ဥက္ကဋ္ဌ ထုတ်လုပ်သူ သီယာ ဂရာဂျန်က ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း မန်ဒို့စ်ဟာ ဒီဇင်ဘာ ၁၀ ရက်မှာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသ ကို ဝင်ရောက်တိုက်ခတ်ခဲ့ရာမှာ သစ်ပင်တွေလဲကျပြီး လူနေရပ်ကွက်တွေလည်း မုန်တိုင်း အရှိန်ကြောင့် ရေလျှံ ပျက်စီးသွားခဲ့ပါတယ်။
အင်အားပြင်မုန်တိုင်းဟာ အားပျော့သွားပြီလို့ အိန္ဒိယမိုးလေဝသဌာန (IMD)က ဒီဇင်ဘာ ၉ ရက်မှာ ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းဟာ ညသန်းခေါင်အချိန်လောက်မှာ ကုန်းတွင်းပိုင်းကို ဝင်ရောက် လာခဲ့တာကြောင့် တမီလ်နာဒူးပြည်နယ်နဲ့ အိမ်နီးချင်း ပူဒူချယ်ရီကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်ပြီး လေပြင်းတွေ တိုက်ခတ်ခဲ့ပါတယ်။
ကမ်းရိုးတန်းပြည်နယ်တွေဖြစ်တဲ့ တမီလ်နာဒူနဲ့ အန်ဒရာပရာဒေ့ရှ်ပြည်နယ်တွေမှာ ညနေပိုင်းထိ မိုးအသင့်အတင့်ကနေ ထစ်ချုန်း ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။