အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ လယ်သမားတွေဟာ ကောက်ပဲသီးနှံစိုက်ပျိုးဖို့ ပြင်ဆင်နေချိန်မှာ လယ်ကွင်းတွေမှာ အမှိုက်မီးရှို့နေကြတာကြောင့် နိုဝင်ဘာ ၄ ရက်မှာ မီးခိုးမြူတွေ မြင့်တက်ပြီး မြို့တော်နယူးဒေလီ အပါအဝင် အနီးနားမြို့တွေမှာ လေထုညစ်ညမ်းမှုကို ပိုပြီးဆိုးရွားစေပါတယ်။
အမှိုက်မီးရှို့ရတဲ့ကိစ္စက ဘယ်ကမှ အကူအညီမရပဲ ကူကယ်ရာမဲ့နဲ့ လုပ်နေရတာဖြစ်ကြောင်း ပန်ဂျပ်နယ်မြေမှ ဒေသခံလယ်သမား ဆရဘ်ဂျိထ် ဆင်းန်က ပြောပါတယ်။
သူတို့မှာ ဂျုံစိုက်ဖို့ရာ မျိုးစေ့ချဖို့က ၁၀ ရက် ကနေ ၁၅ ရက်လောက်ပဲ အချိန်ရတာကြောင့် အဲဒီအချိန်အတွင်း အမှိုက်ပြဿနာကို မဖြေရှင်းနိုင်ရင် ကျနော်တို့ လုပ်ငန်း ဆုံးခန်းတိုင်သွားပြီ လို့လည်း သူက ဆိုပါတယ်။
အမှိုက်ကို ပြုပြင်ဖို့ လိုအပ်တဲ့ စက်ယန္တရားတွေက အရမ်းဈေးကြီးလို့ မဝယ်နိုင်ကြောင်းနဲ့ အကူအညီမဲ့နေရတယ်လို့ ပြောပါတယ်။
အိန္ဒိယနိုင်ငံမြို့တော်ရှိ စောင့်ကြည့်ရေးစခန်းအားလုံးနီးပါးမှာ လေထုအရည်အသွေးညွှန်းကိန်း (AQI) ဟာ ပြင်းထန်အဆင့်နဲ့ အန္တရာယ်ရှိ အဆင့်ကို ကျရောက်နေတာဖြစ်ပြီး နိုဝင်ဘာလ (၃) ရက် ကြာသပတေးနေ့မှာ နေထိုင်သူ သန်း ၂၀ ဟာ မီးခိုးတွေကို ရှူရှိုက်နေရတာဖြစ်ပါတယ်။
ပန်ဂျပ်နဲ့ ဒေလီက လူတွေဟာ လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အဆင့်တိုင်းမှာ လုပ်ဆောင်နေပါပြီလို့ စိုက်ခင်းတွေကို အလွန်အကျွံ မီးရှို့ကြတဲ့ ပန်ဂျပ်ပြည်နယ်ကို အုပ်ချုပ်နေတဲ့ ဒေလီဝန်ကြီးချုပ် အာဗင်ကတ်ဂျရီဝေါလ်က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။
မီးခိုးမြူတွေ မြင့်မားမှုကြောင့် မြို့တော်ရှိ မူလတန်းကျောင်းတွေကို နိုဝင်ဘာ ၅ ရက်ကစပြီး ပိတ်ထားမှာဖြစ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။
အိန္ဒိယမြောက်ပိုင်း၊ ဟိမချယ်ပရာဒေ့ရှ်ပြည်နယ်၊ ကန်ဂရာမှာ မိုးသည်းပြီး တံတားတစ်ခုပြိုကျလို့ လူနှစ်ယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက သြဂုတ် ၂၀ ရက် မှာ ပြောခဲ့ပါတယ်။
နိုင်ငံအရှေ့ပိုင်း ဩဒိဿပြည်နယ်က ရေဘေးသင့်သူတွေဟာ ကယ်ဆယ်ရေးစခန်းတစ်ခုမှာ ခိုလှုံနေကြသလို တချို့ကတော့ ဂျာဂတ်ဆင်ပူရ်မြို့က ရေဘေးဒုက္ခသည်စခန်းတစ်ခုကိုလည်း ကူညီပေးခဲ့ကြပါတယ်။
''ကျနော့်အိမ်က ရေမြုပ်နေပြီး အနားက လမ်းက ဒူးဆစ်အထိ ရေမြုပ်နေတယ်။ မိုးရွာလို့ ကျနော်တို့အိမ်မှာ နေလို့မရဘူး’’လို့ ရေဘေးသင့်သူတဦးကပြောပါတယ်။
ဇွန်လကနေ စက်တင်ဘာလအထိ ရာသီအလိုက် မုတ်သုံမိုးရွာလို့ တောင်အာရှဒေသမှာ နှစ်စဉ် လူသေဆုံးပြီး အစုလိုက်အပြုံလိုက် အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တာပါ။
ဒါပေမဲ့ မုတ်သုံမိုးဟာ အိန္ဒိယ မိုးရေချိန်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို ပေးစွမ်းပြီး လယ်သမားတွေရဲ့ အသက်မွေးဝမ်းကြောင်း စိုက်ပျိုးရေးလုပ်ငန်းအတွက် အလွန်အရေးကြီးပါတယ်။