ဟောလိဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR)ရဲ့ အထူးသံတမန်အဖြစ်မှ နုတ်ထွက်တော့မှာဖြစ်ကြောင်းနဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ တက်ကြွလှုပ်ရှားသူအဖြစ် ဆက်ရှိနေဦးမှာဖြစ်ကြောင်း ကုလသမဂ္ဂက ဒီဇင်ဘာ ၁၆ ရက်မှာ ပြောကြားပါတယ်။
UNHCR မှာ ၂၁ နှစ်တာကာလအတွင်း ကွင်းဆင်းတာဝန် ၆၀ ကျော်ကို တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျိုလီက ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းရဲ့ ပြင်ပရှိ ဒုက္ခသည်တွေနဲ့ ဆက်လုပ်ကိုင်လိုကြောင်း ပြောကြားခဲ့ပါတယ်။
ဒုက္ခသည်တွေနဲ့ တခြားရွှေ့ပြောင်းနေထိုင်သူတွေကို ထောက်ပံ့ဖို့ လာမယ့်နှစ်တွေမှာ သူ့ရဲ့ စွမ်းအားနဲ့ အရာအားလုံးကို ဆက်ပြီး လုပ်ဆောင်သွားမှာပါလို့လည်း ဂျိုလီက သူ့ရဲ့ နုတ်ထွက်ကြောင်း ကြေညာချက်မှာ ပြောထားပါတယ်။
ကုလသမဂ္ဂစနစ်မှာ နှစ် ၂၀ ကြာ အလုပ်လုပ်ပြီးနောက်မှာ မတူကွဲပြားစွာ အလုပ်လုပ်ဖို့ အချိန်တန်ပြီလို့ ခံစားမိကြောင်းနဲ့ ဒုက္ခသည်တွေနဲ့ ဒေသခံအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံပြီး သူတို့ရဲ့ အကြံပြုချက်တွေကို ပံ့ပိုးပေးရမယ့် အချိန်ရောက်ပြီလို့ ခံစားရကြောင်း ဂျိုလီက ဆိုပါတယ်။
ဂျိုလီဟာ ၂၀၁၂ ခုနှစ်ကတည်းက UNHCR အထူးသံတမန် ဖြစ်ခဲ့တာပါ။ အခုနှစ်မှာတော့ ဂျိုလီဟာ ရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့ ယီမင်နဲ့ ယူကရိန်းကို သွားရောက်ခဲ့ပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဖီလစ်ပိုဂရန်ဒီက ဂျိုလီရဲ့ အကူအညီ၊ တာဝန်ဝတ္တရားတွေနဲ့ ဒုက္ခသည်တွေနဲ့ မဖြစ်မနေ ထွက်ပြေးလာရတဲ့သူတွေအတွက် ဂျိုလီ လုပ်ဆောင်ပေးခဲ့တဲ့ ထူးခြားမှုတွေအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
“UNHCR နဲ့ အချိန်အကြာကြီး အောင်အောင်မြင်မြင် ရှိခဲ့ပြီးနောက်မှာ သူ့ရဲ့တာဝန် ခန့်အပ်ထားမှုကို ပြောင်းလဲချင်တဲ့ဆန္ဒကို လေးစားပြီး သူ့ဆုံးဖြတ်ချက်ကို အားပေးချင်ပါတယ်”လို့ ဂရန်ဒီကပြောကြားခဲ့ပါတယ်။
အရင်တုန်းက မရှိခဲ့ဖူးတဲ့ အကြမ်းဖက်မှု၊ ပဋိပက္ခနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် နေအိမ်တွေကနေ မဖြစ်မနေ ထွက်ခွာခဲ့ရတဲ့သူတွေ တော်တော်များများ ရှိနေကြောင်းနဲ့ ကမ္ဘာတဝန်း လက်ရှိအချိန်မှာ လူပေါင်း သန်း ၁၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြရတယ်လို့ UNHCR က ခန့်မှန်းထားပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အထူးသံတမန် ဟောလိဝုဒ် မင်းသမီး အိန်ဂျလီနာဂျိုလီဟာ ယီမင်နိုင်ငံကို မတ်လ ၆ ရက်မှာ ရောက်လာပြီး လက်ရှိ ဖြစ်ပွားနေဆဲ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အေဒင်မြို့ကနေ စပြီး ခရီးဆွဲထားတဲ့ ဂျိုလီဟာ ယီမင်နိုင်ငံသားတွေ ပြောသမျှ စစ်အတွင်း ရုန်းကန်ရတဲ့ အနေအထားတွေကို နားထောင်ခဲ့ပါတယ်။
သူနဲ့ စကားပြောခဲ့တဲ့ အမျိုးသား အမျိုးသမီး အများစုဟာ ဝင်ငွေဆုံးရှုံးခဲ့ရပြီး တရက်ကို တနပ်သာ စားသောက်ရှင်သန် နေရကာ မကြာခဏဆိုသလို ပေါင်မုန့်နဲ့ လက်ဖက်ရည်ကိုသာ စားရတယ်လို့ UNHCR က ကြေညာချက် ထုတ်ပြန်ပါတယ်။
ယာယီတဲစခန်းမှာ နေရတဲ့ မိသားစုတွေဟာ အခြေခံဝန်ဆောင်မှုတွေ ကင်းမဲ့နေပြီး အနီးဆုံး သောက်သုံးရေရနိုင်တဲ့ အရင်းအမြစ်က ၁၅ ကီလိုမီတာ အဝေးမှာ ရှိနေတာပါ။
အနီးဆုံးကျောင်းကို မိနစ် ၃၀ လမ်းလျှောက်သွားရတာကြောင့် ကလေးအများအပြားက ပညာသင်ခွင့် မရှိဘူးလို့ ကြေညာချက်က ဆိုပါတယ်။
ဂျိုလီကတော့ သူ့ရဲ့ ယီမင်နိုင်ငံဆီ အလည်အပတ်ခရီးဟာ နိုင်ငံတွင်းက အခြေအနေတွေကို လူတွေ အာရုံစိုက်လာအောင် ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ထားတာပါ။ ဒါကြောင့် နှစ်စဉ် မတ်လ ၁၆ ရက်မှာ ကျင်းပမယ့် ယီမင်အတွက် အဆင့်မြင့် ကတိကဝတ်ဆိုင်ရာ ညီလာခံမတိုင်ခင် အထောက်အပံ့ရအောင် ကြိုးစားမယ်လို့ ဆိုထားပါတယ်။