close

အိမ်ဖြူတော်

close

March 5, 2023

သမ္မတဘိုင်ဒန်၏ ကင်ဆာအသားစ ဖယ်ရှားပြီးဟု အိမ်ဖြူတော်ပြော

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ရင်ဘတ်က အရေပြားအနာကို ဖေဖော်ဝါလတုန်းက အသားစုထုတ်ယူ ဆေးစစ်ချက်အရ ပုံမှန်မြင်နေကျ အရေပြားကင်ဆာ ပုံစံတမျိုးဖြစ်တယ် ကင်ဆာဖြစ်နေတဲ့ အသားစအားလုံးကို အောင်အောင် မြင်မြင် ဖယ်ရှားပြီးပြီလို့ အိမ်ဖြူတော် သမားတော် ကီဗင်အိုကွန်နောက မတ် ၃ ရက်မှာ ပြောလိုက်ပါတယ်။

ဘိုင်ဒန်ဟာ သူ့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆက်ခံယူမယ့် အနေအထားအရ အရေပြား အခြေအနေကို ဆက်လက်စောင့်ကြည့်မှာ ဖြစ်ပေမယ့် အသားစ ထုတ်ယူထားတဲ့ နေရာက အနာပျောက်နေပြီး နောက်ထပ် ကုသဖို့ မလိုတော့ဘူးလို့ အိမ်ဖြူတော် သမားတော်က ပြောပါတယ်။

အရင်က အသက် ၈၀ အရွယ် ဘိုင်ဒန်ဟာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးအပြီးမှာ ကျန်းမာပြီး တာဝန်ထမ်းဆောင်ဖို့ သင့်တော်တယ် လို့ ဆရာဝန်တွေက ကြေညာခဲ့ပါတယ်။

2 months Ago

February 28, 2023

ရုရှားကို တရုတ်လက်နက်ကူညီမှု မရှိသေးဟု အိမ်ဖြူတော်ပြော၊ အမေရိကန်၏ပိတ်ဆို့မှု တုံ့ပြန်မည်ဟု တရုတ်ပြော

ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားအတွက် တရုတ်နိုင်ငံက သေစေနိုင်တဲ့ လက်နက်အကူအညီတွေ ထောက်ပံ့ဖို့ လုပ်ဆောင်ထားတာ မရှိသေးဘူးလို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရအနေနဲ့ ဒါကို လုံးဝလုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပြောလို့မရဘူးလို့လည်း ABC သတင်းဌာနရဲ့ “This Week” အစီအစဉ်မှာ ဆူလီဗန်က ပြောပါတယ်။

တရုတ်ဘက်က ဒီလိုအကူအညီတွေကို ရုရှားအတွက် ထောက်ပံ့လာခဲ့ရင်လည်း “တကယ့် အမှားကြီးတခု” ဖြစ်သွားမယ်ဆိုတာကို အမေရိကန်အာဏာပိုင်တွေက အသိပေးထားတယ်လို့လည်း ဆူလီဗန်က ဆိုပါတယ်။

မကြာသေးမီရက်တွေအတွင်း အမေရိကန်နိုင်ငံ အပါအဝင် နေတိုးမဟာမိတ်နိုင်ငံတွေဟာ ဒီလို အကူအညီပေးမှုမျိုးကို တရုတ်နိုင်ငံက မလုပ်စေဖို့ တားမြစ်ဖျောင်းဖျဖို့ ကြိုးပမ်းနေကြပါတယ်။

တရုတ်နိုင်ငံအနေနဲ့ သေစေနိုင်တဲ့ လက်နက်ပစ္စည်းတွေကို ရုရှားအတွက် ထောက်ပံ့ပေးဖို့ စဉ်းတော့စဉ်းစားနေတယ်ဆိုပြီး သူတို့ယုံကြည်ထားတဲ့အပေါ်မှာ လူသိရှင်ကြား မှတ်ချက်ပေးခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကတော့ တရုတ်နိုင်ငံဟာ အသက်မသေနိုင်လောက်တဲ့ အကူအညီမျိုးတွေကို နိုင်ငံပိုင်ကုမ္ပဏီတွေကတဆင့် ရုရှားအတွက် ထောက်ပံ့ပေးနေတယ်လို့ မှတ်ချက်ပေး ပြောပါတယ်။

အမေရိကန်အောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ မိုက်ကယ် မက်ကောလ် ကလည်း ဒရုန်းတွေဟာ တရုတ်နိုင်ငံက ရုရှားအတွက် ပေးပို့ဖို့ စဉ်းစားထားတဲ့ သေစေနိုင်လောက်တဲ့ လက်နက်တွေထဲမှာ ပါဝင်တယ်လို့ သတင်းတွေအပေါ် ကိုးကားပြောဆိုခဲ့ပါတယ်။

အမေရိကန်က တရုတ်ကုမ္ပဏီတွေအပေါ်မှာ အရေးယူပိတ်ဆို့လိုက်တာကြောင့် တရုတ်နိုင်ငံ အနေနဲ့ ဒီအပေါ်မှာ ခိုင်မာတဲ့ တန်ပြန်အရေးယူမှုတွေနဲ့အတူ တုံ့ပြန်သွားမယ်လို့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြောပါတယ်။

ဒီအရေးယူပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး မေးခွန်းမေးမြန်းရာမှာ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က “ဒီကိစ္စအပေါ်မှာ တရုတ်နိုင်ငံအနေနဲ့ လုံးဝကျေနပ်မှု မရှိသလို ပြတ်ပြတ်သားသား ဆန့်ကျင်ရင်း တင်းမာတဲ့ အကျိုးဆက်တွေနဲ့အတူ အမေရိကန်ကို ကန့်ကွက်ခဲ့ပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်မှာ ဘိုင်ဒင်အစိုးရက ရုရှားစစ်တပ်ကို အကူအညီပေးနေတယ်လို့ စွပ်စွဲခံထားရတဲ့ တရုတ်နဲ့ ရုရှားကုမ္ပဏီတွေကို ကုန်သွယ်မှုဆိုင်ရာ နာမည်ပျက်စာရင်းတခုမှာ ထည့်သွင်းခဲ့တာပါ။

ဒီနာမည်ပျက်စာရင်းထဲမှာ တရုတ် ဂြိုဟ်တုနည်းပညာကုမ္ပဏီ ၂ ခုဖြစ်တဲ့ Spacety ကုမ္ပဏီနဲ့ HEAD အာကာသနည်းပညာကုမ္ပဏီတို့ ပါဝင်လာခဲ့ပါတယ်။

ဝါရှင်တန် အပါအဝင် နေတိုးမဟာမိတ်နိုင်ငံတွေဟာလည်း ရုရှားအစိုးရရဲ့ ကျူးကျော်စစ်အတွက် တရုတ်နိုင်ငံက စစ်ရေးဆိုင်ရာ အကူအညီတွေ ထောက်ပံ့မပေးအောင် တားမြစ်ဖျောင်းဖျဖို့ လုံးပန်းနေကြပါတယ်။

တရုတ်အစိုးရအနေနဲ့ ဒရုန်းတွေအပါအဝင် သေစေနိုင်တဲ့ လက်နက်ပစ္စည်းတွေကို ရုရှားအတွက် ထောက်ပံ့ပေးဖို့ စဉ်းစားနေတယ်ဆိုပြီး အမေရိကန်နဲ့ မဟာမိတ်တွေ ယုံကြည်ထားတဲ့အပေါ်မှာ လူသိရှင်ကြား မှတ်ချက်ပေး ပြောဆိုထားပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ် တနှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ ကိယက်ဗ်မြို့ကို မထင်မှတ်ဘဲသွားခဲ့ပြီး ယူကရိန်းသမ္မတနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိတဲ့ စစ်ရေးအကူအညီအသစ်တွေကို အမေရိကန်က ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

2 months Ago
Up