အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ်က၊ ဟန်ရ်ယက်တာ မြို့ငယ်လေးအနီးရှိ အိမ်ရာတခုမှာ မေလ ၁ ရက် မွန်းလွဲပိုင်းက လူ ၇ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရပြီး အဲဒီအလောင်းတွေထဲမှာ ပျောက်ဆုံးနေတဲ့ ဆယ်ကျော်သက် ၂ ဦးနဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ၁ ဦးတို့လည်း ပါဝင်နေတယ်လို့ ခရိုင်ရဲအရာရှိက ပြောပါတယ်။
လိင်ပိုင်းဆိုင်ရာကျူးလွန်သူ ဂျက်ဆီ မက်ခ်ဖာဒန် နေထိုင်တဲ့နေရာကို ရဲအရာရှိတွေက ရှာဖွေခဲ့ရာမှာ အော့ခ်မောလ်ဂီကောင်တီ ရဲအရာရှိ အဒ်ဒီ ရိုက်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာကို ထလ်ဆာမြို့ရှိ KOTV ရုပ်မြင်သံကြားဌာနက အွန်လိုင်းမှာ တင်ထားတာပါ။
တခြားအလောင်းတွေမှာ ၂၀၀၃ ခုနှစ်က အိုကလာဟိုးမားမှာ ပထမအဆင့် မုဒိမ်းမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ မက်ခ်ဖာဒန်နဲ့ သူ့မိသားစုဝင်တွေ ပါဝင်ဖွယ်ရှိကြောင်း ရဲအရာရှိ ရိုက်စ် က ပြောပါတယ်။
ဒါပေမဲ့ ဘယ်သေဆုံးသူကိုမှ ခရိုင်ဆေးစစ်သူကနေ တရားဝင် မဖော်ထုတ်ရသေးကြောင်း သတိပေးထားပါတယ်။
ခရိုင်ဟာ တနင်္လာနေ့အစောပိုင်းမှာ ဆယ်ကျော်သက် ၂ ဦး ပျောက်ဆုံးနေကြောင်း (အမ်ဘာ သတိပေးချက်) ဆိုတဲ့ အမေရိကရဲ့ လူပျောက်ဆုံးမှု အသံလွှင့်ချက် အရေးပေါ်တုံ့ပြန်မှုကို ထုတ်ပြန်ခဲ့ပြီး အလောင်းတွေကို တွေ့ရှိပြီးနောက်မှာတော့ သတိပေးချက်ကို ရပ်ဆိုင်းခဲ့ပါတယ်။
တနင်္လာနေ့က အော့ခ်မောလ်ဂီကောင်တီ ခရိုင်ရှေ့နေရုံးရှိ အကြမ်းဖက်ရာဇဝတ်မှုအဖွဲ့ဆီကို လူပုဂ္ဂိုလ်တယောက်က ပျောက်ဆုံးနေတဲ့ မိန်းကလေး ၂ ယောက်ဟာ ဟန်ရ်ယက်တာ မြို့ပြင်က ဟော်လီလမ်းမရှိ အိမ်ရာထဲက တယောက်ယောက်ဆီမှာ ရှိနေနိုင်ကြောင်း သတင်းပေးလာတယ်လို့ အိုကလာဟိုးမားပြည်နယ် စုံစမ်းစစ်ဆေးရေး ဗျူရိုရဲ့ ပြောရေးဆိုခွင့် ရှိသူ ဂျီရဲလ်ဒ် ဒေးဗစ်ဆင်က ပြောပါတယ်။
ရဲမှူးရဲ့လက်ထောက်တွေဟာ အခင်းဖြစ်ပွားရာ နေရာကို ၂ ကြိမ် သွားရောက်ခဲ့ပါတယ်။ ပထမအကြိမ်မှာ ဘယ်သူနဲ့မှ အဆက်အသွယ် မရခဲ့ပေမဲ့ နောက်တကြိမ်မှာတော့ သူတို့ဟာ အလောင်းတွေကို တွေ့ရှိရဖို့ သက်သေအထောက်အထားတွေကို တွေ့ရှိခဲ့ကြောင်း ဒေးဗစ်ဆင် က ပြောကြားခဲ့ပါတယ်။
ညနေ ၃ နာရီလောက်မှာ အရာရှိတွေ ရောက်ရှိလာပြီး နေအိမ်ကို ရှာဖွေရာမှာတော့ အလောင်းတွေကို တွေ့ရှိခဲ့ကြောင်း ခရိုင်ရဲအရာရှိ အက်ဒီရိုက်စ်က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမားပြည်နယ်၊ တယ်ဆာမြို့က ညကောင်းကင်ယံမှာ တောက်ပတဲ့ မီးလုံးကြီးတစ်ခု ဖြာထွက်နေတဲ့ပုံစံရှိတဲ့ ဥက္ကာပျံတခုကို ဇန်နဝါရီ ၂၁ ရက် မနက်အစောပိုင်းမှာ လုံခြုံရေး ကင်မရာက ရိုက်ကူးခဲ့ပါတယ်။
ဥက္ကာပျံ ဒါမှမဟုတ် 'ကြယ်' ကြွေ နေချိန်မှာ ကောင်းကင်က တောက်ပနေပြီး ဆူညံသံတွေ ကြားနေ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဥက္ကာပျံက ဘယ်နေရာကို ဆင်းသက်မလဲ ဆိုတာ မပြောနိုင်သေးပါဘူး။ ဥက္ကာပျံဟာ မြေပြင်ပေါ်ကို ကျရောက်တဲ့အခါ ဥက္ကာခဲလို့ ခေါ်ဆိုလေ့ ရှိပါတယ်။