သမ္မတဗလာဒီမာပူတင်အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာတရားရုံး (အိုင်စီစီ) က ထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်းနဲ့ သူ့ကိုဖမ်းဆီးဖို့ကြိုးပမ်းတဲ့ ဘယ်နိုင်ငံကိုမဆို စစ်ကြေညာမှုအဖြစ် သတ်မှတ်မှာဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီရဲ့ ဒုဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်ဗ်ဟာ မတ် ၂၃ ရက်မှာ ပြောကြားပါတယ်။
နိုင်ငံပိုင်သတင်းအေဂျင်စီ TASS အပါအဝင် ရုရှားသတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတခုမှာ မက်ဗီဒက်ဗ်က ယူကရိန်းဟာ ကြီးမြတ်တဲ့ ရုရှားနိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ရုရှားနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေးဟာလည်း လာမယ့်အနာဂတ်မှာ ပြန်လည်ဖြစ်ထွန်းလာဖို့ အလားအလာ မတွေ့ရဘူးလို့ သူက ဖြည့်စွက်ပြောပါတယ်။
ရုရှားသမ္မတဟောင်းလည်းဖြစ်တဲ့ မက်ဗီဒက်ဗ်က အနောက်နိုင်ငံတွေဟာ ရုရှားနဲ့ တရုတ်နိုင်ငံတို့ရဲ့ လွတ်လပ်မှုကို မနှစ်မြို့သလို ရုရှားကို ပိုမိုအားနည်းသွားအောင် သေးငယ်တဲ့နိုင်ငံတွေအဖြစ် ခွဲထုတ်ဖို့ အနောက်အုပ်စုက ကြိုးပမ်းနေမှာဖြစ်တဲ့အတွက် လာမယ့်ဆယ်စုနှစ်တွေအတွင်း တိတ်ဆိတ်မှုကင်းမဲ့နေမှာ မဟုတ်ဘူးလို့လည်း မှတ်ချက်ပေးပါတယ်။
နျူးကလီးယားပဋိပက္ခဆိုင်ရာ ခြိမ်းခြောက်မှုကလည်း လက်ရှိမှာ ကြီးထွားလာနေပြီး အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ နျူးကလီးယားလက်နက် ပိုင်ဆိုင်မှုမှာ ရုရှားက တန်းတူညီမှု ရှိတဲ့အပြင် ရုရှားရဲ့ ကြီးကျယ်မြင့်မြတ်မှုက နိုင်ငံတည်တံ့ခိုင်မြဲရေးအတွက် အာမခံချက် ပေးထားနိုင်တယ်လို့လည်း မက်ဗီဒက်ဗ်က ပြောကြားခဲ့ပါတယ်။
ယူကရိန်း အဆင့်မြင့်ပိုင်းအရာရှိတွေဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး (အိုင်စီစီ) ရဲ့ဆုံးဖြတ်ချက်ကို မတ်၁၇ ရက် သောကြာနေ့က ချီးကျူးခဲ့ကြပါတယ်။
ရုရှားနိုင်ငံ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ Maria Lvova-Belova ကိုလည်း အလားတူ စွဲချက်တွေနဲ့ တရားရုံးက ဝရမ်းထုတ်ထားပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ယူကရိန်းနဲ့ နိုင်ငံတကာဥပဒေ စနစ်တခုလုံးအတွက် သမိုင်းဝင်ပါပဲလို့ ယူကရိန်းအစိုးရရှေ့နေချုပ် Andriy Kostin က ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။
“နိုင်ငံတကာ ရာဇ၀တ်ခုံရုံးရဲ့ ဒီနေ့ ဆုံးဖြတ်ချက်ဟာ ပူတင်နဲ့ သူ့ရဲ့အပေါင်းပါတွေအပြင် ယူကရိန်းမြေပေါ်မှာ စစ်ရာဇ၀တ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရန်စမှုတွေကို ကျူးလွန်ရာမှာ ပါဝင်ခဲ့သူအားလုံးကို တာဝန်ရှိစေမယ့် လုပ်ငန်းစဉ်အတွက် မိတ်ဆက်အခြေအနေလောက်သာ ရှိပါသေးတယ်။ သူတို့ကို တရားမျှတမှု ပေးလိမ့်မယ်လို့ လေးလေးနက်နက် ယုံကြည်ပါတယ်” လို့ Kostin က ပြောပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီးရဲ့ အကြံပေးပုဂ္ဂိုလ် မိုက်ခေးလို ပိုဒိုလ်ယခ်က အခုဆုံးဖြတ်ချက်ဟာ ပထမဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။
"ပူတင်ဟာ အထွတ်အမြတ်လည်း မဟုတ်တော့ဘူး၊ ပူတင်ကို ကြောက်စရာလည်း မရှိတော့ဘဲ ယူကရိန်းအပေါ် ရုရှားက ရန်စမှုတွေအတွက် ဒီထက်ပိုပြီး အလားတူ တရားရေးဆောင်ရွက်ချက်တွေကို မျှော်လင့်နိုင်ပါပြီ။"
သမ္မတ ပူတင်ဟာ အိုင်စီစီရဲ့ ဖမ်းဝရမ်းထုတ်ခံရတဲ့ တတိယမြောက်ပုဂ္ဂိုလ် ဖြစ်ပြီး သူ့အရင် ဆူဒန်က အိုမာ အလ် ဘာရှားနဲ့ လစ်ဗျားခေါင်းဆောင် မွမ်မာ ကဒါဖီ တို့လည်း ဖမ်းဝရမ်း ထုတ်ခံခဲ့ရပါတယ်။
ရုရှားစစ်သားတွေဟာ ကလေးတွေကို သူတို့ချစ်ရသူတွေ မုဒိမ်းကျင့်ခံနေရတာကို ကြည့်ရှုခိုင်းထားကြောင်း ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တခုရဲ့ အခုသီတင်းပတ်မှာ ဖော်ပြထားတဲ့ အစီရင်ခံချက် အပါအဝင် ရုရှားနိုင်ငံဟာ အိမ်နီးချင်း ယူကရိန်းကို တနှစ်ကျော်ကြာ ကျူးကျော်စစ်ပြုချိန်အတွင်း သူ့တပ်ဖွဲ့ဝင်တွေဟာ ချိုးဖောက်မှုများစွာနဲ့ စွပ်စွဲခံထားရပါတယ်။