ယူကရိန်းတောင်ပိုင်း ပင်လယ်နက်ပေါ်က ဆိပ်ကမ်းမြို့ အိုဒက်ဆာမှာ ကာမီကာဇီ ဒရုန်းလို့ လူသိ များတဲ့ အသေခံဒရုန်း တခုကြောင့် အရပ်သားတဦး သေဆုံးခဲ့ကြောင်း စက်တင်ဘာ ၂၃ ရက်မှာ ယူကရိန်းအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။
ပင်လယ်နက်ကနေလာတဲ့ မောင်းသူမဲ့ လေယာဉ် ၂ စင်း က စီမံရေးရုံးကို ထိမှန်ခဲ့ပြီး တတိယတခုကတော့ အိုဒက်ဆာ ကမ်းလွန်မှာ ပစ်ချခံခဲ့ရတယ်လို့ ယူကရိန်းက ပြောပါတယ်။
ယူကရိန်းတောင်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပူးတွဲညှိနှိုင်းရေးစင်တာမှ ထုတ်လွှင့်တဲ့ ဗွီဒီယိုဖိုင်မှာ ဆိပ်ကမ်းဧရိယာရှိ စီမံခန့်ခွဲရေး အဆောက်အအုံဟာ ကြီးကြီးမားမား ပျက်စီးနေပြီး မီးသတ်သမားတွေက ခြံဝင်းအတွင်း မီးငြှိမ်းသတ်နေပြီး အနီးနားရှိ အဆောက်အအုံမှာလည်း ပြတင်းပေါက်တွေ ကွဲကြေနေတာကို ပြထားပါတယ်။
ရိုက်တာအနေနဲ့ ဗွီဒီယိုရဲ့ ရက်စွဲနဲ့ တည်နေရာကို အတည်မပြုနိုင်ပါဘူး။ ရုရှားစစ်တပ် အသုံးပြုတဲ့ အီရန်လုပ် "ကာမီကာဇီ " ဒရုန်းလေးစင်းကို ပစ်ချခဲ့ကြောင်း ယူကရိန်းက စက်တင်ဘာ ၂၃ ရက်မှာ ပြောကြားခဲ့ပြီး တီဟီရန်ဟာ ယူကရိန်းနိုင်ငံသားတွေကို ထိခိုက်အောင် လုပ်နေကြောင်း သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက သတိပေး ပြောဆိုလိုက်ပါတယ်။
ယူကရိန်းနဲ့ အမေရိကန်တို့က အီရန်က ရုရှားကို ဒရုန်းတွေ ထောက်ပံ့နေတယ်လို့ စွပ်စွဲထားပြီး တီဟီရန်က ငြင်းဆိုထားပါတယ်။
အဲဒီဒရုန်းတွေဟာ ရုရှားကို ထောက်လှမ်းရေးအတွက်ရော ဗုံးဖောက်ခွဲရေးအတွက်ပါ အသုံးဝင်ကြောင်း စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။
ရုရှားဘက်က ပစ်လိုက်တဲ့ မစ်ဇိုင်းဒုံးကျည်တစင်းဟာ စနေနေ့က ယူကရိန်းရဲ့ ပင်လယ်နက် ဆိပ်ကမ်းမြို့ဖြစ်တဲ့ အိုဒက်ဆာမြို့ပေါ် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
“အိုဒက်ဆာမြို့ လေယာဉ်ကွင်းရဲ့ လေယာဉ်ပြေးလမ်း ပျက်စီးသွားတယ်။ ဒါကို ပြန်လည် တည်ဆောက်မယ်။ ရုရှားရဲ့ လုပ်ရပ်ကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး” လို့ သမ္မတ ဇီလန်စကီးက မနေ့ညက မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။
အိုဒက်ဆာဒေသ အုပ်ချုပ်ရေးမှူး မာချန်ကိုကလည်း မစ်ဇိုင်းဒုံးကျည်ဟာ ရုရှားထိန်းချုပ်ထားတဲ့ ခရိုင်းမီးယား ဒေသဘက်ကနေ ပစ်လိုက်တာလို့ ပြေပါတယ်။
ပျက်စီးသွားတဲ့ လေယာဉ်ပြေးလမ်းဟာ ၁၀ နှစ်လောက် အချိန်ယူပြီး ဒီဇိုင်းလုပ်၊ တည်ဆောက်ခဲ့ကာ မနှစ် ဇူလိုင်လတုန်းကပဲ ဖွင့်လှစ်တာလို့ ပြောပါတယ်။
တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ရုရှားစစ်တပ်ဘက်က ထုတ်ဖော်ပြောဆိုတာတော့ မရှိသေးပါဘူး။
ရုရှားတပ်တွေဟာ ယူကရိန်းတောင်ပိုင်းနဲ့ အရှေ့ပိုင်းကို ဦးတည်တိုက်ခိုက်နေတာပါ။
ခါကိဗ်မြို့ကို ခြေကုတ်ယူနေပြီး၊ ဒွန်းဘက်ဒေသတခုလုံးကို စစ်အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်နေတာ၊ အခုအချိန်အထိ ရုရှားစစ်သား ၂၃၀၀၀ ကျော်ဟာ အကျိုးမဲ့ အသက်တွေ စတေးခဲ့ရပြီးလို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။