ဖေဖော်ဝါရီ ၄ ရက် ပေကျင်း ဆောင်းရာသီအိုလံပစ်ပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ဖို့ ထိုင်းနိုင်ငံ တော်ဝင်မင်းသမီး မဟာချက္ကရီ သီရိဒုံ မနေ့က ပေကျင်းမြို့ကို ရောက်ရှိနေပါတယ်။
မင်းသမီးသီရိဒုံဟာ တရုတ်နိုင်ငံ တရုတ်လူမျိုးတွေရဲ့ ကာလကြာရှည် မိတ်ဆွေတဦးဖြစ်ပြီး ထိုင်းနဲ့ တရုတ် နှစ်နိုင်ငံကြား ယဉ်ကျေးမှုနဲ့ ပညာရေး ပူးပေါင်းဆောင်ရွက်မှုကို နှစ်မြှုပ်ဆောင်ရွက်နေသူ ပါ။
မင်းသမီးက တရုတ်ဘာစကား ကျွမ်းကျင်ရေလည်စွာ ပြောဆိုနိုင်ပြီး တရုတ်စာပေနဲ့ ကဗျာစာအုပ် ၁၀ အုပ်ကျော် ထိုင်းဘာသာစကားနဲ့ ဘာသာပြန်ဆိုထားပါတယ်။
၂၀၁၉ မှာ တရုတ်သမ္မတရှီကျင့်ဖျင်က နိုင်ငံခြားသားတွေကိုပေးတဲ့ တရုတ်နိုင်ငံအမြင့်ဆုံးဆု Friendship Medal ကို သီရိဒုံအား ၂၀၁၉ မှာ ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ အိုလံပစ်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို နိုင်ငံ ၃၂ နိုင်ငံက နိုင်ငံတော်အကြီးအကဲတွေ၊ တော်ဝင်မိသားစုတွေ၊ နိုင်ငံတကာအဖွဲ့အစည်း ဦးဆောင်သူတွေကို ဖိတ်ကြားခဲ့ပါတယ်။
နိုင်ငံတကာမီဒီယာတွေမှာတော့ တရုတ်ဖိတ်ကြားတဲ့ နိုင်ငံတွေအများစုဟာ အာဏာရှင်နိုင်ငံတွေ ဖြစ်နေတယ်လို့ ဖော်ပြပါတယ်။
အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ ဩစတြေးလျတို့ကလည်း အိုလံပစ်ပွဲတော်ကို သူတို့ ထိပ်ပိုင်းအရာရှိတွေ မလွှတ်ဘူးလို့ အစောပိုင်းကတည်းက ကြေညာထားပါတယ်။
တစ်နာရီ ၃၅၀ ကီလိုမီတာနဲ မောင်းနှင်တဲ့ ကမ္ဘာ့ပထမဆုံး 5G Express အမြန်ရထားကို ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲတွေကျင်းပမယ့် ပြည်နယ်သုံးခုမှာ စတင်ပြေးဆွဲနေပြီလို့ တရုတ်နိုင်ငံပိုင်မီဒီယာက ကြေညာပါတယ်။
မြန်နှုန်းမြင့်ရထားလမ်း၊ 5G အင်တာနက်ကွန်ရက်၊ အချိန်နဲ့တပြေးညီ ဗွီဒီယို တိုက်ရိုက်လွှင့်ထုတ်ပြသမှုတို့ကို ပေါင်းစပ်ထားတာပါ။
တရုတ်နိုင်ငံပိုင် telecommunication ဌာနဖြစ်တဲ့ China Tower ရဲ့ မန်နေဂျာ ကျန်ကွမ် က “အခက်အခဲဆုံးအပိုင်းကတော့ ၁ နာရီ ကီလိုမီတာ ၃၅၀ နဲ့ ပြေးနေတဲ့ ရထားပေါ်မှာ Live လွှင့်နေတဲ့ ဗွီဒီယိုတွေကို 5G ကွန်ရက်ကတဆင့် အဆက်မပြတ်ကြည့်ရှုနိုင်ဖို့ပါ။ အဲဒီပြဿနာဖြေရှင်းဖို့အတွက် ကျနော်တို့ ဒေတာဆုံးရှုံးမှုနည်းပြီး ကြိမ်နှုန်းမြင့်မားတဲ့ ယိုစိမ့် coaxial cable အမျိုးစားတခုကို တီထွင်ခဲ့တာပါ။ ဒါဟာ ကမ္ဘာမှာ ပထဆုံးအောင်မြင်မှု ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ပေကျင်းမြို့နဲ့ ကျန်ကျားခိုမြို့တို့ကို ပြေးဆွဲတဲ့ မြန်နှုန်းမြင့်ရထားလမ်းဟာ ၂၂၆ ကီလိုမီတာ ရှည်လျားပြီး သုံးပုံတစ်ပုံအကွာအဝေးက ဥမင်လှိုင်ခေါင်းတွေကို ဖြတ်ရတာကြောင့် 5G ကွန်ရက်ရဖို့အတွက် ဆက်သွယ်ရေးတာဝါတိုင် ၃၆၀ စိုက်ထူထားရတယ်လို့ ပြောပါတယ်။ မတ်လမှာ 5G အမြန်ရထား အစီး ၄၀ ပြေးဆွဲနိုင်မှာ ဖြစ်ပါတယ်။