အိုလံပစ်ပွဲတော်ဖွင့်ပွဲတက်ရန် ထိုင်းမင်းသမီးသီရိဒုံ ပေကျင်း ရောက်ရှိ

ဖေဖော်ဝါရီ ၄ ရက် ပေကျင်း ဆောင်းရာသီအိုလံပစ်ပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ဖို့ ထိုင်းနိုင်ငံ တော်ဝင်မင်းသမီး မဟာချက္ကရီ သီရိဒုံ မနေ့က ပေကျင်းမြို့ကို ရောက်ရှိနေပါတယ်။
မင်းသမီးသီရိဒုံဟာ တရုတ်နိုင်ငံ တရုတ်လူမျိုးတွေရဲ့ ကာလကြာရှည် မိတ်ဆွေတဦးဖြစ်ပြီး ထိုင်းနဲ့ တရုတ် နှစ်နိုင်ငံကြား ယဉ်ကျေးမှုနဲ့ ပညာရေး ပူးပေါင်းဆောင်ရွက်မှုကို နှစ်မြှုပ်ဆောင်ရွက်နေသူ ပါ။
မင်းသမီးက တရုတ်ဘာစကား ကျွမ်းကျင်ရေလည်စွာ ပြောဆိုနိုင်ပြီး တရုတ်စာပေနဲ့ ကဗျာစာအုပ် ၁၀ အုပ်ကျော် ထိုင်းဘာသာစကားနဲ့ ဘာသာပြန်ဆိုထားပါတယ်။
၂၀၁၉ မှာ တရုတ်သမ္မတရှီကျင့်ဖျင်က နိုင်ငံခြားသားတွေကိုပေးတဲ့ တရုတ်နိုင်ငံအမြင့်ဆုံးဆု Friendship Medal ကို သီရိဒုံအား ၂၀၁၉ မှာ ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ အိုလံပစ်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို နိုင်ငံ ၃၂ နိုင်ငံက နိုင်ငံတော်အကြီးအကဲတွေ၊ တော်ဝင်မိသားစုတွေ၊ နိုင်ငံတကာအဖွဲ့အစည်း ဦးဆောင်သူတွေကို ဖိတ်ကြားခဲ့ပါတယ်။
နိုင်ငံတကာမီဒီယာတွေမှာတော့ တရုတ်ဖိတ်ကြားတဲ့ နိုင်ငံတွေအများစုဟာ အာဏာရှင်နိုင်ငံတွေ ဖြစ်နေတယ်လို့ ဖော်ပြပါတယ်။
အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ ဩစတြေးလျတို့ကလည်း အိုလံပစ်ပွဲတော်ကို သူတို့ ထိပ်ပိုင်းအရာရှိတွေ မလွှတ်ဘူးလို့ အစောပိုင်းကတည်းက ကြေညာထားပါတယ်။