ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတို့ရဲ့ အားကစားသမားတွေကို အိုလံပစ်ပြိုင်ပွဲနဲ့ တခြားအားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် တားမြစ်ပေးဖို့ ဘော်လ်တစ်ဒေသနိုင်ငံတွေနဲ့ ပိုလန်နိုင်ငံတို့က ဖေဖော်ဝါရီ ၂ ရက်မှာ နိုင်ငံတကာအားကစားအဖွဲ့ချုပ်တွေကို တောင်းဆိုခဲ့ပါတယ်။
လတ်ဗီးယားနဲ့ အက်စ်တိုးနီးယားနိုင်ငံတို့က အားကစားဝန်ကြီးတွေဟာ ဒီအဆိုပြုချက်အပေါ် ဝိုင်းထောက်ခံကြတဲ့ ညွန့်ပေါင်းအဖွဲ့ ဖွဲ့ဖို့ စာနာထောက်ထားမှုရှိတဲ့ နော်ဒစ်ဒေသနိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဥရောပတိုက်မှာ ယှဉ်ပြိုင်ခွင့်ပိတ်ပင်ထားတဲ့ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲမှာ အာရှခြေစစ်ပွဲတွေကတဆင့် ယှဉ်ပြိုင်ခွင့်ပြုပေးဖွယ်ရာ ရှိတယ်လို့ နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) က ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့တဲ့အပေါ် ဝန်ကြီးဖြစ်သူတွေက ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။
နောက်ပိုင်းမှာ IOC က ရုရှားနဲ့ ဘယ်လာရုစ်အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့အတူ ရပ်တည်ကြောင်း ပြောဆိုခဲ့တာပါ။
ရုရှားဟာ ယူကရိန်နိုင်ငံထဲ ဝင်ရောက်ကျူးကျော်တိုက်ခိုက်နေတာဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံကလည်း ရုရှားကို ကူညီပေးနေတာဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ပေကျင်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲကို ဖေဖော်ဝါရီ ၂၀ က ကျင်းပခဲ့ပါတယ်။
ငှက်သိုက်အားကစားရုံမှာ ကျင်းပတဲ့ ဒီပွဲကို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ နိုင်ငံတကာ အိုလံပစ်ကောင်စီ ဥက္ကဋ္ဌ သောမတ်စ်ဘတ်ချ်တို့ တက်ရောက်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်နေချိန် ခြောက်လအတွင်း ကျင်းပတဲ့ ဒုတိယ အိုလံပစ်ပွဲတော် ဖြစ်ပြီး ကူးစက်မှုထိန်းချုပ်ရေး အစွန်းရောက်ကန့်သတ်ချက်တွေနဲ့ ကျင်းပခဲ့တဲ့ပွဲအဖြစ် အမှတ်ရနေလိမ့်မယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
ပိတ်ပွဲမှာ မိနစ် ၉၀ ကြာအောင် မီးရှူးမီးပန်း ပစ်ဖောက်ခဲ့ပြီး တကမ္ဘာလုံး တမိသားစုတည်းဆိုတဲ့ စာသားကို မီးပန်းတွေနဲ့ ပုံဖော်ခဲ့ပါတယ်။
ပွဲစဉ်အတွင်း တရုတ်ရဲ့ စီစဉ်သူတွေကို ဘတ်ချ်က ချီးကျူးခဲ့ပြီး ကိုဗစ်-၁၉ ကပ်ဘေးမှာ စည်းလုံးကြဖို့နဲ့ ကာကွယ်ဆေး တန်းတူညီမျှရကြဖို့ တိုက်တွန်းခဲ့ပါတယ်။
တရုတ်ရဲ့ ရှင်းကျန်းပြည်နယ်အတွင်း လူ့အခွင့်အရေးစံချိန်နဲ့ပတ်သက်ပြီး ပေဂျင်းအိုလံပစ် ပွဲတော်ကို နိုင်ငံအတော်များများက သံတမန်ရေး သပိတ်မှောက်ထားခဲ့ပေမယ့် ရုရှားသမ္မတကတော့ ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။
အိုလံပစ်ပွဲတော်မှာ ထောင်ချီတဲ့ နိုင်ငံခြားသား သတင်းထောက်တွေကို အတွင်းစည်း ကန့်သတ်ချက်ထဲမှာ ထားခဲ့လို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းတင်ဆက်နိုင်စွမ်း မရှိခဲ့ကြပါဘူး။