close

ရုရှားနှင့် ဘယ်လာရုစ် အားကစားသမားများကို အိုလံပစ်ယှဉ်ပြိုင်ခွင့် တားမြစ်ပေးရန် တောင်းဆို

ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတို့ရဲ့ အားကစားသမားတွေကို အိုလံပစ်ပြိုင်ပွဲနဲ့ တခြားအားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် တားမြစ်ပေးဖို့ ဘော်လ်တစ်ဒေသနိုင်ငံတွေနဲ့ ပိုလန်နိုင်ငံတို့က ဖေဖော်ဝါရီ ၂ ရက်မှာ နိုင်ငံတကာအားကစားအဖွဲ့ချုပ်တွေကို တောင်းဆိုခဲ့ပါတယ်။

လတ်ဗီးယားနဲ့ အက်စ်တိုးနီးယားနိုင်ငံတို့က အားကစားဝန်ကြီးတွေဟာ ဒီအဆိုပြုချက်အပေါ် ဝိုင်းထောက်ခံကြတဲ့ ညွန့်ပေါင်းအဖွဲ့ ဖွဲ့ဖို့ စာနာထောက်ထားမှုရှိတဲ့ နော်ဒစ်ဒေသနိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဥရောပတိုက်မှာ ယှဉ်ပြိုင်ခွင့်ပိတ်ပင်ထားတဲ့ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲမှာ အာရှခြေစစ်ပွဲတွေကတဆင့် ယှဉ်ပြိုင်ခွင့်ပြုပေးဖွယ်ရာ ရှိတယ်လို့ နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) က ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့တဲ့အပေါ် ဝန်ကြီးဖြစ်သူတွေက ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

နောက်ပိုင်းမှာ IOC က  ရုရှားနဲ့ ဘယ်လာရုစ်အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့အတူ ရပ်တည်ကြောင်း ပြောဆိုခဲ့တာပါ။

ရုရှားဟာ ယူကရိန်နိုင်ငံထဲ ဝင်ရောက်ကျူးကျော်တိုက်ခိုက်နေတာဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံကလည်း ရုရှားကို ကူညီပေးနေတာဖြစ်ပါတယ်။

Up