close

အိုးမဲ့အိမ်မဲ့

close

August 28, 2021

ရွှေ့ပြောင်းများနှင့် အိုးမဲ့အိမ်မဲ့များအတွက် ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် MSF စီစဉ်

ပြင်သစ်အခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) ဟာ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ အိုးမဲ့အိမ်မဲ့တွေအတွက် ကိုဗစ်-၁၉  ကာကွယ်ဆေးတွေ ထိုးနှံနိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရရှိစေဖို့ တောင်းဆိုနေပြီး ဘယ်လို လူမှုဖူလုံရေးကတ်မှ ပြစရာမလိုဘဲ ဝင်ရောက် ကာကွယ်ဆေးထိုးနိုင်တဲ့ ယာယီတဲတွေလည်း စီစဉ်ထားပါတယ်။ 

ပြင်သစ်နိုင်ငံမှာ ကာကွယ်ဆေးထိုးဖို့ လူမှုဖူလုံရေးကတ်တွေပြသဖို့ တရားဝင် မလိုအပ်ပေမဲ့ တချို့စင်တာတွေမှာတော့ တောင်းခံနေတာပါ။ 

ဇွန်လအစောပိုင်းက ယာယီကာကွယ်ဆေးထိုးစင်တာတွေ စလုပ်ထားချိန်ကတည်းက လူပေါင်း ၅,၄၀၀ လောက်ကို ကာကွယ်ဆေးထိုးပေးပြီးပြီလို့ ပါရီဒေသရှိ MSF လုပ်ငန်းများ အကြီးအကဲ ဒေါက်တာ ဘာရစ်ဒဗေတွန် က ပြောကြားခဲ့ပါတယ်။ 

သူတို့မှာ ပုံမှန်ကာကွယ်ဆေးထိုးတဲ့ဌာနတွေဆီကို မသွားဖြစ်ဖို့ တားဆီးနေတဲ့ အခက်အခဲ နည်းနည်းရှိနေတယ်လို့ ဒေါက်တာ ဘာရစ်ဒဗေတတွန်က အင်တာနက်အသုံးပြုခွင့်၊ ဘာသာစကား အတားအဆီးတွေ၊ လူမှုဖူလုံရေးနဲ့ အုပ်ချုပ်ရေးအဆင့်အတန်းတို့ကို ကိုးကားပြီး သြဂုတ် ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

ဆေးလာထိုးကြတဲ့သူ အများစုက သူတို့ရဲ့ ဒုတိယအကြိမ်မြောက် ထိုးရမယ့်ဆေးကို လာထိုးကြတာလို့လည်း ဆိုပါတယ်။ 

အများစုသော ခိုလှုံခွင့်တောင်းခံသူတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ စစ်ပွဲတွေနဲ့ ဆင်းရဲမွဲတေမှုဒဏ်တွေကြောင့် မြောက်အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာရှတို့ကနေ ပြင်သစ်ကို ထွက်ပြေးရောက်ရှိလာကြတာပါ။ 

ပြင်သစ်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ သူတို့ရဲ့ပထမဆုံးထိုးဆေးကို လက်ခံရရှိထားပြီး ကာကွယ်ဆေးအပြည့်အဝထိုးပြီးထားကြသူ ၅၇ ရာခိုင်နှုန်း ရှိပါတယ်။ 

2 mins Ago

April 8, 2020

ဂါနာနိုင်ငံတွင် ဈေးဟောင်း မီးလောင်၊ လူပေါင်းရာချီ အိုးမဲ့အိမ်မဲ့ဖြစ်

ဂါနာနိုင်ငံ အက်ခရာမြို့က ဖှာဒါမာဈေးဟောင်းမှာ ဧပြီ ၇ ရက်မနက်ပိုင်းက မီးလောင်လို့ ရာချီတဲ့လူတွေ အိုးအိမ်မဲ့ ဖြစ်ခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားရေး ကန့်သတ်ချက်တွေကြောင့် အလုပ်မလုပ်နိုင် ဖြစ်နေချိန်မှာ ရှိသမျှငွေတွေ မီးထဲ ပါသွားပြီလို့ ဒေသခံတယောက်က ပြောပါတယ်။ ဈေးဟောင်းမှာ နေသူ အများအပြားဟာ စက်ပြင်နဲ့ ဈေးသည်တို့လို အလုပ်တွေကို လုပ်ဖို့ နိုင်ငံမြောက်ပိုင်းကနေ ရွှေ့ပြောင်းလာတဲ့ ဆင်းရဲသူတွေပါ။ အိမ်တွေ မီးလောင် ဆုံးရှုံးအပြီး ခိုလှုံစရာ တောင်းခံသူ ၅၆၅ ယောက် ရှိတယ်လို့ ကာယာယေး လူငယ်အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။ ညသန်းခေါင်ကနေ မနက် ၂ နာရီကြား လောင်တဲ့ မီးကြောင့် သစ်သားအိမ် ၈၀၀ လောက် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံမီဒီယာက ပြောပါတယ်။ သစ်သားနဲ့ ကတ္ထူစက္ကူတွေနဲ့ ဆောက်ထားတဲ့ ယာယီအိမ်တွေကို မီးဘယ်လို စလောင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။  ဂါနာနိုင်ငံအတွင်း ကိုရိုနာကူးစက်မှုကြောင့် အက္ခရာ၊ တေမာ၊ ကာဆိုအာနဲ့ ကူမာစီ ဒေသတွေရဲ့ တစိတ်တပိုင်းကို ခရီးသွားမှု တားမြစ်ပိတ်ပင်ထားပြီး ဒေသခံတွေ အိမ်တွင်းအောင်းရင်း အသွားအလာ ကန့်သတ်ဖို့ နေဝင်မီးငြိမ်း အမိန့်ထုတ်ထားသလို လူချင်းခွာခွာ နေကြဖို့လည်း စီမံချက် ထုတ်ပြန်ထားပါတယ်။ ဂါနာမှာ ဧပြီ ၇ ရက်အထိ တရားဝင်အတည်ပြုချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၂၈၇ ယောက် ရှိပြီး ကူးစက်ခံ ၅ ယောက် သေဆုံးခဲ့ပါတယ်။
1 year Ago
Up