ရွှေ့ပြောင်းများနှင့် အိုးမဲ့အိမ်မဲ့များအတွက် ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် MSF စီစဉ်

ပြင်သစ်အခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) ဟာ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ အိုးမဲ့အိမ်မဲ့တွေအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးနှံနိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရရှိစေဖို့ တောင်းဆိုနေပြီး ဘယ်လို လူမှုဖူလုံရေးကတ်မှ ပြစရာမလိုဘဲ ဝင်ရောက် ကာကွယ်ဆေးထိုးနိုင်တဲ့ ယာယီတဲတွေလည်း စီစဉ်ထားပါတယ်။
ပြင်သစ်နိုင်ငံမှာ ကာကွယ်ဆေးထိုးဖို့ လူမှုဖူလုံရေးကတ်တွေပြသဖို့ တရားဝင် မလိုအပ်ပေမဲ့ တချို့စင်တာတွေမှာတော့ တောင်းခံနေတာပါ။
ဇွန်လအစောပိုင်းက ယာယီကာကွယ်ဆေးထိုးစင်တာတွေ စလုပ်ထားချိန်ကတည်းက လူပေါင်း ၅,၄၀၀ လောက်ကို ကာကွယ်ဆေးထိုးပေးပြီးပြီလို့ ပါရီဒေသရှိ MSF လုပ်ငန်းများ အကြီးအကဲ ဒေါက်တာ ဘာရစ်ဒဗေတွန် က ပြောကြားခဲ့ပါတယ်။
သူတို့မှာ ပုံမှန်ကာကွယ်ဆေးထိုးတဲ့ဌာနတွေဆီကို မသွားဖြစ်ဖို့ တားဆီးနေတဲ့ အခက်အခဲ နည်းနည်းရှိနေတယ်လို့ ဒေါက်တာ ဘာရစ်ဒဗေတတွန်က အင်တာနက်အသုံးပြုခွင့်၊ ဘာသာစကား အတားအဆီးတွေ၊ လူမှုဖူလုံရေးနဲ့ အုပ်ချုပ်ရေးအဆင့်အတန်းတို့ကို ကိုးကားပြီး သြဂုတ် ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဆေးလာထိုးကြတဲ့သူ အများစုက သူတို့ရဲ့ ဒုတိယအကြိမ်မြောက် ထိုးရမယ့်ဆေးကို လာထိုးကြတာလို့လည်း ဆိုပါတယ်။
အများစုသော ခိုလှုံခွင့်တောင်းခံသူတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ စစ်ပွဲတွေနဲ့ ဆင်းရဲမွဲတေမှုဒဏ်တွေကြောင့် မြောက်အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာရှတို့ကနေ ပြင်သစ်ကို ထွက်ပြေးရောက်ရှိလာကြတာပါ။
ပြင်သစ်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ သူတို့ရဲ့ပထမဆုံးထိုးဆေးကို လက်ခံရရှိထားပြီး ကာကွယ်ဆေးအပြည့်အဝထိုးပြီးထားကြသူ ၅၇ ရာခိုင်နှုန်း ရှိပါတယ်။