ဘရိုက်တန်အသင်းနည်းပြ ဒီဇာဘီကို ခေါ်ယူဖို့ ထိပ်တန်းအသင်း ၅ သင်းလောက်အထိ အပြိုင် စိတ်ဝင်စားနေပါတယ်။
အဲဒီအသင်းတွေက စပါး၊ အေစီမီလန်၊ အင်တာမီလန်၊ ဂျူဗင်တပ်နဲ့ ရိုးမားအသင်းတို့ ဖြစ်တယ်လို့ တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။
စပါးအသင်းနဲ့ပတ်သက်ပြီး ဒီဇာဘီဟာ ရာသီအကုန်မှာ ဘရိုက်တန်ကနေထွက်ခွာပြီး စပါးအသင်းဆီကို ပြောင်းရွှေ့နိုင်ကြောင်း သုံးသပ် ရေးသားကြပါတယ်။
အလားတူ အီတလီကလပ်တွေကလည်း ဒီဇာဘီကို အပြိုင်အဆိုင်ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်တယ်လို့ ဆိုပါတယ်။
အီတလီနည်းပြ ဒီဇာဘီကို ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ ဘရိုက်တန်နဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၁ သန်းခွဲ ပေးချေပြီး ခေါ်ယူနိုင်တယ်လို့ သိရပါတယ်။
ယူကရိန်းကလပ် ရှက်တာဒိုးနက်ခ်ကနေ ပြောင်းရွှေ့လာတဲ့ ဒီဇာဘီဟာ ဘရိုက်တန်ကို ပွဲစဉ် ၂၂ အပြီးမှာ အဆင့် ၇ နေရာ ရပ်တည်နိုင်အောင် စွမ်းဆောင်ထားပါတယ်။
အီတလီကလပ် ဆာလာနီတာနာအသင်းဟာ နည်းပြချုပ် ဒေးဗစ်နီကိုလာကို ထုတ်ပယ်လိုက်ပေမဲ့ နှစ်ရက်အကြာမှာ ပြန်လည်ခန့်အပ်ခဲ့ပါတယ်။
တနင်္ဂနွေနေ့က အတ္တလန္တာအသင်းနဲ့ စီးရီးအေပွဲစဉ်မှာ ၈ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ နီကိုလာကို ဆာလာနီတာနာအသင်းဥက္ကဋ္ဌက ထုတ်ပယ်ခဲ့တာပါ။
ဒါပေမဲ့ နည်းပြဖြစ်သူ ထွက်ခွာသွားချိန်မှာ သူ့အပေါ် ဘယ်လောက်သဘောကျသလဲ ဆိုတာကို သိရှိလာရတာကြောင့် အသင်း၊ ကစားသမားတွေနဲ့ အရာအားလုံးအတွက် ပြန်လည်ခေါ်ယူ ခန့်အပ်ခဲ့တာဖြစ်တယ်လို့ အသင်းဥက္ကဋ္ဌ ဒယ်နီလိုလာဗိုလီနိုက ပြောပါတယ်။
နည်းပြ နီကိုလာဘက်ကလည်း အရှက်ရစရာ ရှုံးပွဲတပွဲ ထပ်မကြုံစေရဘူးဆိုတဲ့ ကတိပေးမှုနဲ့အတူ နောက်တကြိမ် ထပ်ပြီး အခွင့်အရေးပေးခဲ့တာဖြစ်ကြောင်း အသင်းဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဆာလာနီတာနာအသင်းဟာ အီတလီစီးရီးအေ ၁၈ ပွဲကစားအပြီး အဆင့် ၁၆ နေရာမှာ ရပ်တည်နေကာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ လိုအပ်နေပါတယ်။