အီတလီနိုင်ငံရဲ့ အထူးလက်ရုံး ရဲတပ်ဖွဲ့က နိုင်ငံမှာ အလိုအရှိဆုံး မာဖီးယားဂိုဏ်းခေါင်းဆောင် တဦးဖြစ်တဲ့ မက်တေရို မက်စီနာ ဒီနာရိုကို ဇန်နဝါရီ ၁၆ ရက်မှာ ဖမ်းဆီးရမိပါတယ်။
မက်စီနာ ဒီနာရိုဟာ ဆယ်စုနှစ် သုံးခုစာလောက် ထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပြီး သူ့ကို အရင်က စစ္စလီကျွန်းရဲ့ မြို့တော် ပလာမီယိုမှာ ဖမ်းဆီးထိန်းသိမ်းထားတာပါ။
သူဟာ စစ္စလီကျွန်းရဲ့ ကိုဆာနို့စ်ထရာ အမည်ရ မာဖီးယားဂိုဏ်းရဲ့ ခေါင်းဆောင် သူဌေးဖြစ်တယ်လို့ စွပ်စွဲခံထားရပါတယ်။
၁၉၉၂ ခုနှစ်က မာဖီးယားဆန့်ကျင်ရေး အစိုးရရှေ့နေတွေဖြစ်ကြတဲ့ ဂျီအိုဗန်နီ ဖယ်လ်ကိုနေးနဲ့ ပါအိုလို ဘော်စယ်လီနိုတို့ကို သတ်ဖြတ်ရာမှာ ပါဝင်ခဲ့တဲ့အတွက် သူ့ကို ထောင်ဒဏ် တသက်တကျွန်း ကျခံဖို့ မျက်ကွယ်တရားစီရင်ခဲ့ပါတယ်။
လူ ၁၀ ဦးသေဆုံးခဲ့တဲ့ ဖလောရန့်စ်၊ ရောမနဲ့ မီလန်မြို့က ဗုံးခွဲတိုက်ခိုက်မှုတွေအတွင်း လုပ်ဆောင်ခဲ့တာတွေအတွက်လည်း ဒီဖြစ်ရပ်တွေအပြီး နောက်နှစ်မှာတင် ထောင်ဒဏ်တသက်တကျွန်းနဲ့ ထပ်မံရင်ဆိုင်ခဲ့ရပါတယ်။
မက်စီနာ ဒီနာရိုဟာ ကာလအတန်ကြာ ပျောက်ကွယ်နေပေမဲ့ သူ့ရဲ့ ဒေသတွင်း အမာခံနယ်မြေဖြစ်တဲ့ စစ္စလီကျွန်းအနောက်ဘက် ထရာပါနီမြို့တဝိုက် ဧရိယာမှာ ဒီ မာဖီးယားဂိုဏ်း လည်ပတ်နိုင်ဖို့ ဆက်စပ်တဲ့အမိန့်တွေကို ထုတ်ပြန်နေနိုင်ဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလပိုင်းမှာ ပြောဆိုခဲ့ပါတယ်။
ဂျာမနီအစိုးရကို အကြမ်းဖက်ဖြုတ်ချဖို့ ပြင်ဆင်နေတယ်လို့ သံသယရှိတဲ့ လက်ယာစွန်းအုပ်စုနဲ့ ဆက်နွှယ်နေတဲ့ အသက် ၆၄ နှစ်အရွယ် ဂျာမန်စစ်တပ်အရာရှိဟောင်းကို အီတလီရဲတပ်ဖွဲ့က ဒီဇင်ဘာ ၇ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။
ဒီအမျိုးသားကို ပယ်ရူဂျာမြို့အလယ်ပိုင်းက ဟိုတယ်တခုမှာ ဖမ်းဆီးခဲ့ပြီး အဖွဲ့အစည်းရဲ့ အဖျက်အမှောင့် လှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို တွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သံသယရှိသူကို ဂျာမန်အစိုးရဆီ လွှဲအပ်ဖို့ လုပ်ငန်းစဉ်တွေ စနေပြီလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဂျာမနီနိုင်ငံမှာ လက်ယာစွန်း အမျိုးသားရေးဝါဒီအုပ်စုက အစိုးရကို အာဏာသိမ်းပြီး စစ်တပ်အသစ် တည်ထောင်ဖို့ စီစဉ်နေခဲ့တယ်လို့ ဂျာမန်အာဏာပိုင်တွေက ဒီဇင်ဘာ ၇ ရက်မှာ ပြောထားတာပါ။
ဂျာမနီတဝန်းမှာ ဒီဇင်ဘာ ၇ ရက်က စီးနင်းရှင်းလင်းခဲ့ရတဲ့ အာဏာသိမ်းဖို့ ကြံစည်မှုဟာ စိုးရိမ်စရာ အကြောင်းရင်းပဲလို့ ပြည်ထဲရေးဝန်ကြီး နန်စီ ဖေဆာက မြို့တော်ဘာလင်မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ ဂျာမနီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အားကောင်းတယ်လို့လည်း သူက ပြောပါတယ်။
ရိုက်စ်ဘာဂါနဲ့ ခူအန်နန် အယူဝါဒတွေပါတဲ့ ပူးပေါင်းကြံစည်မှု သီအိုရီတွေနဲ့ နိုင်ငံကို ဖြုတ်ချဖို့ ကြံစည်မှုအတွက် သံသယရှိသူ ၂၅ ဦးကို ဗုဒ္ဓဟူးနေ့ အစောပိုင်းက ဂျာမနီနိုင်ငံထဲမှာ ထိန်းသိမ်းထားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။
“စစ်သွေးကြွ ရိုက်စ်ဘာဂါအဖွဲ့ဟာ ဒီမိုကရေစီအတွက်၊ ကျနော်တို့ရဲ့ ပြည်နယ်အတွက်နဲ့ ကျနော်တို့ရဲ့ အသိုင်းအဝိုင်းကို ပံ့ပိုးပေးတဲ့လူတွေအတွက် အမုန်းပွားရင်း စည်းလုံးညီညွတ်နေကြတယ်” လို့ ဖေဆာက ပြောပါတယ်။
ဒီအဖွဲ့ဟာ အစိုးရသစ်တရပ် တည်ထောင်ဖို့ စီစဉ်နေပြီး တရားရေးဝန်ကြီး၊ ဂျာမနီ ဘွန်ဒက်စတက်အဖွဲ့ဝင်ဟောင်း ဒါမှမဟုတ် ပါလီမန်အမတ်ဟောင်းတွေလို ဝန်ကြီးဌာနတွေရဲ့ ရာထူးနေရာ အများအပြားကို လျာထားပြီးသားဖြစ်နေတယ်လို့ ဂျာမနီအစိုးရရှေ့နေ ပီတာဖရန့်ခ်က ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ဂျာမနီရဲ့ လက်ယာစွန်း AfD Alternative အတွက် လွှတ်တော်အမတ်ဟောင်း ဘျာဂစ် မယ်ဆက်ခ် ဝင်ခယ်မဲန်းလည်း ပါပြီး သူဟာ လက်ရှိ ဘာလင်ခရိုင်တရားရုံးမှာ တရားသူကြီးတဦးလည်း ဖြစ်တယ်လို့ ဂျာမန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ပြည်ထောင်စုအစိုးရရှေ့နေက ကနဦးတွေ့ရှိချက်တွေအရ ဒီအဖွဲ့ထဲမှာ စစ်ဘက်ဆိုင်ရာ လက်တံတွေလည်း ရှိနေတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“ဒီစစ်တပ်ဟာ မတည်ဆောက်ရသေးတဲ့ မွေးရပ်လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်တဲ့ ဂျာမန်စစ်တပ် အသစ်ကို ထူထောင်ဖို့ ရည်ရွယ်ထားပါတယ်။ ကျနော်တို့ရဲ့ အချက်အလက်တွေအရ၊ ဒီစစ်တပ်လက်ရုံးရဲ့ အဖွဲ့ဝင်တဦးချင်းစီဟာ အရင်က ဘွန်းဒက်စ်ဝီယာ ပြည်ထောင်စု တပ်မတော်ထဲမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ဖူးတယ်” လို့ ဂျာမန်စစ်တပ်က ပြောခဲ့ပါတယ်။