အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်လောက် ကောင်းမွန်တဲ့ အီတလီလူငယ်တွေ အများအပြားရှိကြောင်း အီတလီနည်းပြ မန်ချီနီက မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အီတလီနိုင်ငံမှာ အင်္ဂလန်ကြယ်ပွင့် ဘယ်လင်ဂမ်လောက် အရည်အသွေးရှိတဲ့ ကစားသမား လေးငါးဦးလောက်ရှိပြီး သူတို့ကို ပွဲကစားချိန်ပေးဖို့ပဲ လိုအပ်ကြောင်း နည်းပြ မန်ချီနီက ပြောပါတယ်။
နည်းပြ မန်ချီနီက “ကျနော်တို့ရဲ့ပြဿနာက ပါရမီရှင်ကစားသမား မရှိတာမဟုတ်ဘူး။ ဖွံ့ဖြိုးတိုးတက်ခွင့် မရကြတာပါ။ အင်္ဂလန်၊ ဂျာမနီနဲ့ ဟော်လန်နိုင်ငံတွေမှာ ပါရမီရှိတဲ့ ကစားသမားဆိုရင် ကစားခွင့်ပေးကြပါတယ်။ ကျနော်တို့မှာ ဘယ်လင်ဂမ်လို အရည်အသွေးမြင့်လူငယ်တွေ လေးငါးဦးရှိပါတယ်။ ဒါပေမဲ့ သူတို့က ကစားခွင့်မရကြလို့ အတွေ့အကြုံမရှိဘဲ ဖြစ်နေရတာပါ” လို့ ပြောပါတယ်။
အီတလီအသင်းဟာ ခမ်းနားကြီးကျယ်တဲ့ တိုက်စစ်မှူးကောင်း မရှိတာကိုလည်း နည်းပြ မန်ချီနီက ဝန်ခံခဲ့ပါတယ်။
အီတလီအသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ခြေစစ်ပွဲမအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲမအောင်မြင်ခဲ့တဲ့ အီတလီအသင်းဟာ စပိန်နည်းပြ ဂွါဒီယိုလာရဲ့စတိုင်ကို အတုယူခဲ့တာကြောင့် ကျရူံးခဲ့ရတာဖြစ်တယ်လို့ နည်းပြကာပယ်လိုက သုံးသပ်ပြောပါတယ်။
အီတလီအသင်းဟာ ခြေစစ်ပွဲ ပလေးအော့ဖ် ဆီမီးဖိုင်နယ်မှာ မြောက်မက်ဆီဒိုးနီးယားကို ဘောလုံးပိုင်ဆိုင်မှု အသာ၊ ဂိုးကန်သွင်းချက်အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် တစ်ဂိုးဂိုးမရှိနဲ့ရူံးနိမ့်ခဲ့ပြီး ၂၀၂၂ ကာတာကမ္ဘာ့ ဖလားပြိုင်ပွဲကစားခွင့် ဆုံးရူံးခဲ့ရတာပါ။
အီတလီအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း ခြေစစ်ပွဲမအောင်မြင်ခဲ့တာကြောင့် ၂ ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့တာပါ။ ဒီလိုကျရူံးမှုတွေဟာ စပိန်နည်းပြ ဂွာဒီယိုလာရဲ့ ကစားဟန်ကို အတုယူခဲ့တာကြောင့်ဖြစ်ပြီး အီတလီကစားဟန်နဲ့ လိုက်ဖက်မှုမရှိကြောင်း ကာပယ်လိုကပြောပါတယ်။
“အီတလီခြေစစ်ပွဲ မအောင်ခဲ့တာနဲ့ ပတ်သက်လို့ ရှင်းပြရမယ်ဆိုရင် ရိုးရိုးလေးပါပဲ။ အီတလီတွေဟာ ဂွါဒီယိုလာရဲ့ဘောလုံးကစားဟန်ကို လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက အတုယူလာခဲ့တယ်ဆိုတာ ကျနော်တောက်လျှောက် ပြောခဲ့ပါတယ်။ ဘောလုံးကို ဟိုပေးဒီပေးနဲ့ပဲ အချိန်ကုန်တယ်။ ရှေ့ကို ထောင်လိုက်ပေးပို့တာမရှိဘူး။ ကြံ့ခိုင်မှုခွန်အားလည်းနည်းပါတယ်။ အဲဒီအစား ယာဂန်ကလော့ပ်ရဲ့ဂျာမန်စတိုင် ကစားဟန်နောက်ကို လိုက်ပါသင့်တယ်”လို့ နည်းပြ ကာပယ်လိုကပြောပါတယ်။
စပိန်အသင်းတွေရဲ့ ကစားဟန်အတိုင်း ဆက်ကစားမယ်ဆိုရင် ၅ဝ ရာခိုင်နူန်းသာကစားနိုင်လို့ အောင်မြင်မှုရနိုင်မှာမဟုတ်ဘဲ ဂျာမန်စတိုင် ကစားဟန်ကို ပြောင်းလဲ ကစားဖို့လိုအပ်တယ်လို့လည်း နည်းပြဟောင်းကာပယ်လိုက တိုက်တွန်းသွားခဲ့ပါတယ်။