ဘယ်လင်ဂမ်လောက်ကောင်းသည့် အီတလီလူငယ်များ အများအပြားရှိကြောင်း မန်ချီနီပြော

အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်လောက် ကောင်းမွန်တဲ့ အီတလီလူငယ်တွေ အများအပြားရှိကြောင်း အီတလီနည်းပြ မန်ချီနီက မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အီတလီနိုင်ငံမှာ အင်္ဂလန်ကြယ်ပွင့် ဘယ်လင်ဂမ်လောက် အရည်အသွေးရှိတဲ့ ကစားသမား လေးငါးဦးလောက်ရှိပြီး သူတို့ကို ပွဲကစားချိန်ပေးဖို့ပဲ လိုအပ်ကြောင်း နည်းပြ မန်ချီနီက ပြောပါတယ်။
နည်းပြ မန်ချီနီက “ကျနော်တို့ရဲ့ပြဿနာက ပါရမီရှင်ကစားသမား မရှိတာမဟုတ်ဘူး။ ဖွံ့ဖြိုးတိုးတက်ခွင့် မရကြတာပါ။ အင်္ဂလန်၊ ဂျာမနီနဲ့ ဟော်လန်နိုင်ငံတွေမှာ ပါရမီရှိတဲ့ ကစားသမားဆိုရင် ကစားခွင့်ပေးကြပါတယ်။ ကျနော်တို့မှာ ဘယ်လင်ဂမ်လို အရည်အသွေးမြင့်လူငယ်တွေ လေးငါးဦးရှိပါတယ်။ ဒါပေမဲ့ သူတို့က ကစားခွင့်မရကြလို့ အတွေ့အကြုံမရှိဘဲ ဖြစ်နေရတာပါ” လို့ ပြောပါတယ်။
အီတလီအသင်းဟာ ခမ်းနားကြီးကျယ်တဲ့ တိုက်စစ်မှူးကောင်း မရှိတာကိုလည်း နည်းပြ မန်ချီနီက ဝန်ခံခဲ့ပါတယ်။
အီတလီအသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ခြေစစ်ပွဲမအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။