အီရတ်ပါလီမန်ဟာ အောက်တိုဘာ ၁၃ ရက်မှာ သမ္မတအဖြစ် ကာ့ဒ်နိုင်ငံရေးသမား အက်ဗ်ဒူ လာတစ်ဖ် ရာရှစ်ဒ်ကို ရွေးချယ်လိုက်ပြီး သမ္မတအသစ်ဟာ ချက်ချင်းပဲ မိုဟာမက်ဒ် ရှီယာ အယ်လ်-ဆူဒါနီကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကျင်းပခဲ့တဲ့ အမျိုးသားရွေးကောက်ပွဲအပြီး တနှစ်တာ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတာတွေကို အဆုံးသတ်လိုက်တာပါ။
အစဉ်အဆက် ကာ့ဒ်လူမျိုးက နေရာယူထားတဲ့ သမ္မတရာထူးဟာ ကြီးကျယ်ခမ်းနားတဲ့ ရာထူးအဆင့်ပေမဲ့ ရာရှစ်ဒ်ကို မဲပေးမှုဟာ ရွေးကောက်ပွဲကတည်းက နိုင်ငံရေးသမားတွေ မလုပ်ဆောင်နိုင်ခဲ့တဲ့ အစိုးရသစ်တရပ်ဖွဲ့ဖို့ အဓိကခြေလှမ်း ဖြစ်ပါတယ်။
အသက် ၇၈ နှစ်အရွယ် ရာရှစ်ဒ်ဟာ ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ အီရတ် ရေအရင်းအမြစ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဗြိတိသျှပညာတတ် အင်ဂျင်နီယာ ရာရှစ်ဒ်ဟာ ဒုတိယသက်တမ်းအတွက် အရွေးခံနေတဲ့ သမ္မတဟောင်း ဘာဟမ် ဆာလိကို အနိုင်ရရှိခဲ့ပြီး အီရတ်သမ္မတသစ် ဖြစ်လာတာပါ။
သူဟာ အစိုးရဖွဲ့ဖို့ အီရန်-ဘက်မလိုက်အစုအဖွဲ့တွေရဲ့ မဟာမိတ်ဖြစ်တဲ့ ညှိနှိုင်းရေးမူဘောင်လို့ လူသိများတဲ့ အကြီးဆုံး ပါလီမန်အစုအဖွဲ့ကနေ နာမည်တင်သွင်းလာတဲ့ ဆူဒါနီကို ဖိတ်ခေါ်ခဲ့ပါတယ်။
အသက် ၅၂ နှစ်အရွယ် ဆူဒါနီဟာ အရင်က အီရတ်နိုင်ငံရဲ့ လူ့အခွင့်အရေးဝန်ကြီး ရာထူးအပြင် အလုပ်သမားနဲ့ လူမှုရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
ဆူဒါနီဟာ အခုအခါ အစိုးရအဖွဲ့ ဖွဲ့စည်းဖို့ ရက်ပေါင်း ၃၀ အချိန်ရပြီးတော့ သူ့အစိုးရအဖွဲ့ကို လွှတ်တော်ကိုတင်ပြပြီး အတည်ပြုချက် ရယူရမှာပါ။
အခုနှစ်အတွင်း စတုတ္ထမြောက် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ဖို့ မဲခွဲဆုံးဖြတ်မှုဟာ အောက်တိုဘာ ၁၃ ရက်က အီရတ်မြို့တော် Green Zone တဝိုက်မှာ ဒုံးကျည် ၉ စင်း ကျရောက်လာခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
တိုက်ခိုက်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် အနည်းဆုံး လူ ၁၀ ယောက် ဒဏ်ရာရခဲ့ကြောင်း လုံခြုံရေးနဲ့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေအရ သိရပါတယ်။
အီရတ်နိုင်ငံမှာ လူကြိုက်များတဲ့ ရှီယိုက်ဘာသာရေးခေါင်းဆောင် မွတ်တာဒါ အယ်လ်-ဆာဒါကို ထောက်ခံသူ ရာပေါင်းများစွာဟာ ဇူလိုင် ၂၇ ရက်က အီရတ်ပါလီမန်ကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။
အီရတ်နိုင်ငံမှာ အောက်တိုဘာလက ရွေးကောက်ပွဲကျင်းပပြီး ၉ လ ကျော်သွားပြီဖြစ်ပေမဲ့ သမ္မတနဲ့ ဝန်ကြီးချုပ်ကို ရွေးချယ်ဖို့ တာဝန်ပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ သဘောတူညီချက်ရဖို့ မနီးစပ်တာကြောင့် တိုင်းပြည်ဟာ နိုင်ငံ့ခေါင်းဆောင် သို့မဟုတ် အစိုးရအဖွဲ့မရှိဘဲ ရက်ပေါင်း ၂၉၀ စံချိန်တင်သွားပါတယ်။
ဝန်ကြီးချုပ် မူစတာဖာ အယ်ခါဟမီရဲ့ နုတ်ထွက်အစိုးရက တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်နေတာဖြစ်ပြီး အစိုးရသစ်တရပ်ကို ပါတီတွေက သဘောမတူနိုင်ရင် ရွေးကောက်ပွဲအသစ် မကျင်းပမချင်း ဝန်ကြီးချုပ်ဟာ အိမ်စောင့်အဖြစ် ဆက်ရှိနေနိုင်ပါတယ်။
အထူးသဖြင့် ရှီးယိုက်နဲ့ ကာ့ဒ်အုပ်စုတွေကြားမှာ တိုက်ခိုက်မှုတွေကြောင့် အစိုးရဖွဲ့စည်းရေးကို အတားအဆီးဖြစ်နေပြီး ဆယ်စုနှစ်ချီ ပဋိပက္ခတွေကနေ ပြန်နာလန်ထူဖို့ ရုန်းကန်နေရတဲ့ တိုင်းပြည်အတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အဟန့်အတား ဖြစ်နေတာပါ။
နိုင်ငံမှာ အများကြီးလိုအပ်နေတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် အသုံးစရိတ်ကို ထိန်းထားနေပြီး ၂၀၂၂ ခုနှစ်အတွက် ဘတ်ဂျက်မရှိဘဲ အီရတ်ဟာ ချည့်နဲ့နေတဲ့အနေအထား ကြုံနေရတာ ဖြစ်ပါတယ်။