ရှီယိုက်ဘာသာရေးခေါင်းဆောင်ကို ထောက်ခံသူများက အီရတ်ပါလီမန်ကို စီးနင်း

အီရတ်နိုင်ငံမှာ လူကြိုက်များတဲ့ ရှီယိုက်ဘာသာရေးခေါင်းဆောင် မွတ်တာဒါ အယ်လ်-ဆာဒါကို ထောက်ခံသူ ရာပေါင်းများစွာဟာ ဇူလိုင် ၂၇ ရက်က အီရတ်ပါလီမန်ကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။
အီရတ်နိုင်ငံမှာ အောက်တိုဘာလက ရွေးကောက်ပွဲကျင်းပပြီး ၉ လ ကျော်သွားပြီဖြစ်ပေမဲ့ သမ္မတနဲ့ ဝန်ကြီးချုပ်ကို ရွေးချယ်ဖို့ တာဝန်ပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ သဘောတူညီချက်ရဖို့ မနီးစပ်တာကြောင့် တိုင်းပြည်ဟာ နိုင်ငံ့ခေါင်းဆောင် သို့မဟုတ် အစိုးရအဖွဲ့မရှိဘဲ ရက်ပေါင်း ၂၉၀ စံချိန်တင်သွားပါတယ်။
ဝန်ကြီးချုပ် မူစတာဖာ အယ်ခါဟမီရဲ့ နုတ်ထွက်အစိုးရက တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်နေတာဖြစ်ပြီး အစိုးရသစ်တရပ်ကို ပါတီတွေက သဘောမတူနိုင်ရင် ရွေးကောက်ပွဲအသစ် မကျင်းပမချင်း ဝန်ကြီးချုပ်ဟာ အိမ်စောင့်အဖြစ် ဆက်ရှိနေနိုင်ပါတယ်။
အထူးသဖြင့် ရှီးယိုက်နဲ့ ကာ့ဒ်အုပ်စုတွေကြားမှာ တိုက်ခိုက်မှုတွေကြောင့် အစိုးရဖွဲ့စည်းရေးကို အတားအဆီးဖြစ်နေပြီး ဆယ်စုနှစ်ချီ ပဋိပက္ခတွေကနေ ပြန်နာလန်ထူဖို့ ရုန်းကန်နေရတဲ့ တိုင်းပြည်အတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အဟန့်အတား ဖြစ်နေတာပါ။
နိုင်ငံမှာ အများကြီးလိုအပ်နေတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် အသုံးစရိတ်ကို ထိန်းထားနေပြီး ၂၀၂၂ ခုနှစ်အတွက် ဘတ်ဂျက်မရှိဘဲ အီရတ်ဟာ ချည့်နဲ့နေတဲ့အနေအထား ကြုံနေရတာ ဖြစ်ပါတယ်။