ကျောင်းသားတွေ အဆိပ်သင့်တဲ့ကိစ္စကို အီရန်အစိုးရက စုံစမ်းစစ်ဆေးမယ်လို့ ကျန်းမာရေးဝန်ကြီး ဘာရမ် အီနိုလာဟီက မတ် ၂ ရက်မှာ ပြောလိုက်ပါတယ်။
ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ အထူးကော်မတီတရပ် ဖွဲ့စည်းတာဝန်ချပြီးပြီ ကော်မတီထဲမှာ အတော်ဆုံး အဆိပ်ဗေဒပညာရှင်နဲ့ တက္ကသိုလ်ပါမောက္ခတွေပါတယ်လို့ အီနိုလာဟီက ပြောပါတယ်။
လတ်တလော လတွေအတွင်း မတူတဲ့ ကျောင်းတွေက အီရန် မိန်းကလေးကျောင်းသူ ရာချီဟာ အပျော့စား အဆိပ်နဲ့ တိုက်ခိုက်မှုဒဏ်ကို ခံစားခဲ့ရတယ်လို့ ကျန်းမာရေေဝန်ကြီးက ဖေဖော်ဝါရီလ ထဲမှာ ပြောခဲ့ဖူးပါတယ်။
ဒါဟာ မိန်းကလေးသင် ပညာရေးကို ဆန့်ကျင်တဲ့ ဘာသာရေးအုပ်စုတွေကို ပစ်မှတ်ထားတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးသမားတချို့က အဆိုပြုခဲ့ကြပါတယ်။
အီရန်နိုင်ငံက ရှီးယိုက် မွတ်စလင်တွေရဲ့ ဘာသာရေးမြို့ ဖြစ်တဲ့ ခွန်းမ်မြို့မှာ နိုဝင်ဘာလက စခဲ့ပြီး မြို့ ၄ မြို့ထက်မနည်းက ကျောင်း ၃၀ ကျော်မှာ အဆိပ်နဲ့ တိုက်ခိုက်တာ ခံခဲ့ရလို့ တချို့ ကျောင်းသားမိဘတွေက သူတို့ရဲ့ ကလေးတွေကို ကျောင်းထုတ်ခဲ့ကြတယ်လို့ အစိုးရ မီဒီယာက ဖော်ပြပါတယ်။
လတ်တလော လတွေအတွင်း မတူတဲ့ ကျောင်းတွေမှာ မိန်းကလေးတွေ အဆိပ်နဲ့ တိုက်ခိုက်ခံရတဲ့ ကိစ္စကို အီရန်အစိုးရက စုံစမ်းစစ်ဆေးဖို့ အမေရိကန်က အီရန်ကို မတ် ၁ ရက်က တိုက်တွန်းခဲ့တယ်လို့ အမေရိကန်အစိုးရ ပြောခွင့်ရက ပြောခဲ့ပါတယ်။
ဂျာမနီနိုင်ငံ၊ မြူးနစ်ချ်မြို့မှာ စတင်ကျင်းပနေတဲ့ ၅၉ ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံရဲ့ ဘေးတွေမှာ ဖေဖော်ဝါရီ ၁၈ ရက်က ရာနဲ့ချီတဲ့ လူတွေဟာ အီရန်အစိုးရကို ဆန္ဒပြခဲ့ကြပါတယ်။
လူ ၁၀၀၀ အောက်သာရှိတဲ့ ဆန္ဒပြသူတွေဟာ အီရန်ဆန္ဒပြပွဲတွေအတွင်း သေဆုံးခဲ့ရသူတွေရဲ့ ဓာတ်ပုံပိုစတာတွေကို ကိုင်ဆောင်ပြီး ကြိုးစင် အတုတွေနဲ့ သေဒဏ်စီရင်တဲ့ပုံစံမျိုး အသတ်ခံခဲ့ရသူ တွေအတွက် အာရုံစိုက်အောင်လုပ်ခဲ့ကြပါတယ်။
ပါဝင်သူတချို့ဟာ အီရန်အစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ချက်ရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မိုဂျာဟေဒင်အီခါ့လ်က် အဖွဲ့ အလံတွေကို ဝှေ့ယမ်းပြခဲ့ကြပါတယ်။
လူ့အခွင့်အရေးအဖွဲ့အစည်း အသီးသီးရဲ့ ကိန်းဂဏန်းတွေအရ ဆန္ဒပြပွဲတွေအတွင်း လူ ၅၀၀ လောက် သေဆုံးခဲ့ပြီး တချို့ဟာ အရွယ်မရောက်သေးသူတွေ ဖြစ်ကြပါတယ်။
အီရန်ဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူတွေကို စတင်ကွပ်မျက်ခဲ့တာကြောင့် အနောက်နိုင်ငံတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေခံနေရပါတယ်။
မြူးနစ်လုံခြုံရေးညီလာခံဟာ အခုနှစ်အခမ်းအနားကို ဘယ်အီရန်အစိုးရ အရာရှိတွေကိုမှ ဖိတ်ကြားခြင်းမရှိဘဲ အဲဒီအစား အီရန်အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေကို ဖိတ်ကြား ခဲ့ပါတယ်။
အီရန်ရဲ့ ကျင့်ဝတ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက်မှာ အသက် ၂၂ နှစ်အရွယ် အီရန်အမျိုးသမီး မာဆာအာမီနီ သေဆုံးခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ဆန္ဒပြမှုတွေ စတင်ခဲ့တာပါ။
သူ့သေဆုံးမှုကြောင့် အီရန်ပြည်သူတွေဟာ အီရန်အစိုးရနဲ့ ပြည်နယ်အာဏာပိုင်တွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတာကြောင့် လနဲ့ချီနေတဲ့ ဆန္ဒပြမှုတွေဟာ ခုထိလည်း ဆက်ရှိနေပါတယ်။