close

အီရန်

close

May 4, 2023

ပင်လယ်ကွေ့တွင် ဒုတိယမြောက် ရေနံတင်သင်္ဘော ၁ စီးကို အီရန်သိမ်းယူ

ပင်လယ်ကွေ့ထဲမှာ သီတင်းတပတ်အတွင်း ဒုတိယမြောက် ရေနံတင်သင်္ဘောတစင်းကို အီရန်က သိမ်းယူခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။

ပင်လယ်ကွေ့ရေပြင်မှာ ၂၀၁၉ ခုနှစ်ကတည်းက စီးပွာရေးဆိုင်ရာ သင်္ဘောတွေကို ဆက်တိုက်ဖမ်းဆီး တိုက်ခိုက်တာတွေ လုပ်ခဲ့တဲ့အထဲမှာ နောက်ဆုံးဖြစ်ရပ်လို့ အမေရိကန် ရေတပ်က ပြောပါတယ်။

ပနားမားအလံတင် ရေနံတင်သင်္ဘောဟာ ကျဉ်းမြောင်းတဲ့ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းချိန် နိုင်ရိုဘီမြို့မှာ အီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်ရေတပ် (IRGCN) နဲ့ မနက် ၆ နာရီ ၂၀ မိနစ်မှာ တွေ့ပြီး သိမ်းဆည်းခံရတာလို့ ဘာရိန်းအခြေစိုက် အမေရိကန် အမှတ် ၅ တပ်မဟာ ရေတပ်က ပြောပါတယ်။

အီရန်ရဲ့ ပထမဆုံး တုံ့ပြန်မှုအနေနဲ့ တရားခံတဦးရဲ့ တိုင်ကြားချက်ကြောင့် ရေနံတင်သင်္ဘောကို အီရန်အစိုးရရှေ့နေက သိမ်းဆည်းရမိခဲ့တယ်လို့ တရားရေးရုံးရဲ့ မီဇန်သတင်းဌာနက ပြောပါတယ်။ နောက်ထပ် အသေးစိတ်အချက်အလက်တွေကိုတော့ မဖော်ပြခဲ့ပါဘူး။

6 mins Ago

April 28, 2023

အိုမန်ပင်လယ်ကွေ့တွင် ရေနံတင်သင်္ဘော ၁ စီးကို အီရန်ဖမ်းဆီး

နိုင်ငံတကာရေပိုင်နက်ထဲက အိုမန်ပင်လယ်ကွေ့မှာ ဧပြီ ၂၇ ရက်က မာရှယ်ကျွန်းစု အလံတပ်ထားတဲ့ ရေနံတင်သင်္ဘောတစီးကို အီရန်က ဖမ်းဆီးလိုက်ကြောင်း အမေရိကန်ရေတပ်က ပြောပါတယ်။

Refinitiv သင်္ဘောခြေရာခံ ဒေတာအရ အမေရိကန်ရေတပ်က Advantage Sweet ရေယာဉ်အဖြစ် သတ်မှတ်ထားတဲ့ အဲဒီသင်္ဘောဟာ ရှက်ဗရွန် ရေနံကုမ္ပဏီကြီးဆီကနေ စင်းလုံးငှားပြီး ကူဝိတ်မှာ နောက်ဆုံးဆိုက်ကပ်ခဲ့တဲ့ စူးအက်-မက်ခ်စ် ရေနံစိမ်းတင်သင်္ဘော ဖြစ်နေတာပါ။

သူ့ရဲ့မန်နေဂျာအဖြစ် စာရင်းသွင်းထားတဲ့ တူရကီအခြေစိုက် ဂျီနလ် ဒဲနစ်ဇ်စီလစ်ခ် နက်ခ်လီယာတီ AS ကုမ္ပဏီကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

ဘာရိန်းပင်လယ်ကွေ့မှာ အမှတ် ၅ ရေတပ်ကို အခြေစိုက်ထားတဲ့ အမေရိကန်ရေတပ်က ရေနံတင်သင်္ဘောကို ချက်ချင်းလွှတ်ပေးဖို့ အီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ရေတပ် (IRGCN) ကို တောင်းဆိုခဲ့ပါတယ်။

အဲဒီသင်္ဘောဟာ ဖမ်းဆီးခံရချိန်မှာ ဘေးဒုက္ခရောက်နေကြောင်း အကူအညီ တောင်းခံခေါ်ဆိုမှုတခု ထုတ်ပြန်ခဲ့ကြောင်း အမေရိကန်ရေတပ်က ဖော်ပြထားပါတယ်။

“ရေယာဉ်တွေကို အီရန်ရဲ့ ဆက်နှောင့်ယှက်နေမှုတွေနဲ့ ဒေသတွင်း ရေကြောင်းသွားလာရေး ဆိုင်ရာ အခွင့်အရေးတွေကို စွက်ဖက်ခြင်းဟာ ပင်လယ်ရေကြောင်း လုံခြုံရေးနဲ့ ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက်မှုတခု ဖြစ်ကြောင်း” အမေရိကန်ရေတပ်က ပြောပါတယ်။

အီရန်ဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အရှေ့အလယ်ပိုင်းမှာ စီးပွားဖြစ် ကုန်သွယ်သင်္ဘောတွေ ၅ စင်းထက်မနည်းကို တရားမဝင် ဖမ်းဆီးခဲ့ကြောင်းလည်း ထပ်လောင်းပြောပါတယ်။

ရိုက်တာသတင်းဌာနရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို အီရန်အာဏာပိုင်တွေက ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြား IRIB သတင်းဌာနက သူ့ရဲ့တယ်လီဂရမ်ချန်နယ်ကနေ အီရန်ရေတပ်ဟာ မာရှယ်ကျွန်းစုအလံတပ် သင်္ဘောတစင်းကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြခဲ့ပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ပြောကြားခြင်း မရှိပါဘူး။

၂၀၁၉ ခုနှစ်ကတည်းက အမေရိကန်နဲ့ အီရန်တို့ကြား တင်းမာနေချိန်မှာ မဟာဗျူဟာကျတဲ့ ပင်လယ်ကွေ့ရေပြင်မှာ စီးပွားဖြစ်သင်္ဘောတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေနဲ့ သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အခုဖြစ်ရပ်က နောက်ဆုံးကြုံရတာ ဖြစ်ပါတယ်။

6 days Ago
Up