တောင်ကိုရီးယားသမ္မတ ယွန်းဆုခ်ယိုးလ်ဟာ တက်စ်လာ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ခ်နဲ့ ဧပြီ ၂၆ ရက်က ဝါရှင်တန်မှာ တွေ့ဆုံခဲ့ပြီး သူ့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့တောင်းဆိုခဲ့ကြောင်း သမ္မတလက်ထောက်တစ်ဦးကို ကိုးကားပြီးတော့ ယွန်ဟက်ပ် သတင်းဌာနက ဖော်ပြပါတယ်။
အမေရိကန်ပြည်ထောင်စုကို ၆ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အတွက် ရောက်ရှိနေတဲ့ သမ္မတ ယွန်း ဟာ အီလွန်မတ်စ်ခ်ရဲ့ တောင်းဆိုချက်အရ သူတို့ ၂ ဦးတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
သမ္မတ ယွန်းဟာ တောင်ကိုရီးယားရဲ့ နောက်ဆုံးပေါ် လုပ်ငန်းသုံးစက်ရုံတွေနဲ့ ကျွမ်းကျင် လုပ်သားတွေကို ချီးမွမ်းအသိအမှတ်ပြု ကိုးကားပြီးတော့ တောင်ကိုရီးယားနိုင်ငံဟာ တက်စ်လာရဲ့ လျှပ်စစ်ကားတွေအတွက် ဘက်ထရီတွေကို အကြီးစား ထုတ်လုပ်ပေးတဲ့ ဂစ်ဂါစက်ရုံ ဆောက်ဖို့ စံပြနိုင်ငံတခုဖြစ်တယ်လို့ အမွှမ်းတင် ပြောကြားခဲ့ပါတယ်။
လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီရဲ့ ကုန်ထုတ်စက်ရုံကို ဆွဲဆောင်တဲ့အနေနဲ့ အခွန် အကျိုးခံစားခွင့်များ အပါအဝင် ပံ့ပိုးကူညီမှုတွေကိုလည်း ကမ်းလှမ်းခဲ့ပါတယ်။
တောင်ကိုးရီးယားနိုင်ငံဟာ တက်စ်လာရဲ့ ဂစ်ဂါစက်ရုံတွေအတွက် ထိပ်တန်း ကိုယ်စားလှယ်လောင်းတွေထဲက ၁ ခုအဖြစ် ဆက်လက်တည်ရှိနေပြီး သူလည်း အာရှနိုင်ငံကို သွားရောက်ဖို့ အခွင့်အရေးရှိလာမှာဖြစ်ကြောင်း အီလွန်မတ်စ်ခ်က သမ္မတယွန်းကို ပြောခဲ့တယ်လို့ ယွန်ဟက်ပ် သတင်းဌာနက ဆိုပါတယ်။
တက်စ်လာနဲ့ အီလွန်မတ်စ်ခ်ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။
အီလွန်မက်စ်ခ်ရဲ့ SpaceX ကုမ္ပဏီထုတ် ဂြိုလ်တုအင်တာနက်ဌာနက စတားလင့်ခ် ဆက်သွယ်ရေး ဂြိုလ်တုတွေ အတန်းလိုက်ကို စပိန်နိုင်ငံရဲ့ ကောင်းကင်မှာ ဖေဖော်ဝါရီ ၁၃ ရက် ညအချိန်က တွေ့ရတာပါ။
စပိန်မြို့တော် မက်ဒရစ်နဲ့ မတ်ချီချက်ကိုအငူတို့က ညကောင်းကင်ယံမှာ မီးအလင်းတန်းကို ဒေသစံတော်ချိန် ည ၇ နာရီ ၄၅ မိနစ်မှာ တွေ့ရပုံကို ရိုက်တာသတင်းဌာနရဲ့ ရုပ်သံထဲမှာ တွေ့ရပါတယ်။
SpaceX ကုမ္ပဏီရဲ့ Falcon 9 အာကာသ ယာဉ်ဟာ စတားလင့်ခ် ဂြိုလ်တု ၅၅ လုံးကို ကမ္ဘာပတ်လမ်းပေါ် ဖေဖော်ဝါရီ ၁၂ ရက်မှာ လွှတ်တင်ခဲ့တယ်လို့ ကုမ္ပဏီက သူ့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။
စတားလင့်ခ်ဟာ ကမ္ဘာမြေအပေါ် ၃၄၂ မိုင် အကွာကနေ လှည့်ပတ်နေတဲ့ ထောင်နဲ့ချီတဲ့ ဂြိုလ်တုအုပ်စုဖြစ်ပြီး ကမ္ဘာကြီးတခုလုံးကို လွှမ်းခြုံထားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
ဂြိုလ်တု မြေပုံအရ စတားလင့်ခ် ဂြိုလ်တု အလုံးပေါင်း ၃၈၂၃ ခုရှိပြီး လောလောဆယ် ၃၁၉၈ လုံး က အလုပ်လုပ်နေပါတယ်။
ကမ္ဘာကြီးရဲ့ ဝေးလံသီခေါင်တဲ့ နယ်မြေတွေအထိ မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှု ပေးဖို့ ရည်မှန်းထားတယ်လို့ SpaceX က ပြောထားပါတယ်။