အီလွန်မက်စ်ခ်၏ စတားလင့်ခ် ဆက်သွယ်ရေးဂြိုလ်တု စပိန်ကောင်းကင်တွင် တွေ့ရှိ

အီလွန်မက်စ်ခ်ရဲ့ SpaceX ကုမ္ပဏီထုတ် ဂြိုလ်တုအင်တာနက်ဌာနက စတားလင့်ခ် ဆက်သွယ်ရေး ဂြိုလ်တုတွေ အတန်းလိုက်ကို စပိန်နိုင်ငံရဲ့ ကောင်းကင်မှာ ဖေဖော်ဝါရီ ၁၃ ရက် ညအချိန်က တွေ့ရတာပါ။
စပိန်မြို့တော် မက်ဒရစ်နဲ့ မတ်ချီချက်ကိုအငူတို့က ညကောင်းကင်ယံမှာ မီးအလင်းတန်းကို ဒေသစံတော်ချိန် ည ၇ နာရီ ၄၅ မိနစ်မှာ တွေ့ရပုံကို ရိုက်တာသတင်းဌာနရဲ့ ရုပ်သံထဲမှာ တွေ့ရပါတယ်။
SpaceX ကုမ္ပဏီရဲ့ Falcon 9 အာကာသ ယာဉ်ဟာ စတားလင့်ခ် ဂြိုလ်တု ၅၅ လုံးကို ကမ္ဘာပတ်လမ်းပေါ် ဖေဖော်ဝါရီ ၁၂ ရက်မှာ လွှတ်တင်ခဲ့တယ်လို့ ကုမ္ပဏီက သူ့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။
စတားလင့်ခ်ဟာ ကမ္ဘာမြေအပေါ် ၃၄၂ မိုင် အကွာကနေ လှည့်ပတ်နေတဲ့ ထောင်နဲ့ချီတဲ့ ဂြိုလ်တုအုပ်စုဖြစ်ပြီး ကမ္ဘာကြီးတခုလုံးကို လွှမ်းခြုံထားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
ဂြိုလ်တု မြေပုံအရ စတားလင့်ခ် ဂြိုလ်တု အလုံးပေါင်း ၃၈၂၃ ခုရှိပြီး လောလောဆယ် ၃၁၉၈ လုံး က အလုပ်လုပ်နေပါတယ်။
ကမ္ဘာကြီးရဲ့ ဝေးလံသီခေါင်တဲ့ နယ်မြေတွေအထိ မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှု ပေးဖို့ ရည်မှန်းထားတယ်လို့ SpaceX က ပြောထားပါတယ်။