အီသီယိုးပီးယားနိုင်ငံ တီဂရေးဒေသမှာ ကာကွယ်ဆေး၊ ပဋိဇီဝဆေးနဲ့ အင်ဆူလင် တို့လို ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ ပြတ်လပ်ကုန်တာကြောင့် ကြိုတင်ကာကွယ်ပြီး ကုသ ပျောက်ကင်းနိုင်တဲ့ ရောဂါတွေကနေ မှတ်တမ်းတောင် မတင်နိုင်တဲ့ သေဆုံးမှုတွေ အများကြီး ရှိသွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူတွေက အောက်တိုဘာ ၂၈ ရက်မှာ သတိပေး ပြောကြားခဲ့ပါတယ်။
လက်လှမ်းမီမှု ကန့်သတ်ချက်တွေနဲ့ လောင်စာဆီပြတ်လပ်မှုတွေကြားမှာ တီဂရေးရှိ ကျန်းမာရေး အထောက်အပံ့တွေဟာ ၉ ရာခိုင်နှုန်းလောက်ပဲ အပြည့်အဝ လုပ်ဆောင်နိုင်တော့ကြောင်း WHO တာဝန်ရှိသူတွေက ဂျီနီဗာမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ခွဲစိတ်ကုသနိုင်တဲ့သူတွေကလည်း သူတို့ရဲ့ဒဏ်ရာတွေကုသဖို့နဲ့ အနာတွေကို ဆေးကြောဖို့ ဆားရည်ကို အသုံးပြုနေရတယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေ ကျန်းမာရေးဝန်ကြီးနဲ့ အစိုးရပြောရေးဆိုခွင့်ရှိသူတို့က မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။
တီဂရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Getachew Reda က ချက်ချင်း တုံ့ပြန်ခြင်း မရှိပါဘူး။
တီဂရေး မှာ အာဟာရချို့တဲ့မှုအဆင့်က တုန်လှုပ်စရာကောင်းပြီး ၅ နှစ်အောက် ကလေး ၃ ဦးမှာ ၁ ဦးမှာ အာဟာရချို့တဲ့နေပါတယ်။
တီဂရေးမှာ ကလေးဘဝ ပုံမှန်ကာကွယ်ဆေးထိုးအဆင့်က ပဋိပက္ခ မတိုင်ခင်က ၉၀ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၁၀ ရာခိုင်နှုန်းထိ ကျဆင်းသွားတာဖြစ်ပါတယ်။
အီသီယိုးပီးယားစစ်တပ်ဟာ နိုင်ငံမြောက်ပိုင်း တီဂရေးဒေသက တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲ တွေကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ အပြင် ထောင်နဲ့ချီတဲ့ ပြည်သူတွေ အငတ်ဘေး ကြုံနေရတာပါ။ တောင်အာဖရိကမှာတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေပါတယ်။
အီသီယိုးပီးယားစစ်တပ်နဲ့ နိုင်ငံမြောက်ပိုင်းဒေသမှာ ခြေကုပ်ယူထားတဲ့ တစ်ဂရေး တပ်ဖွဲ့တွေကြား ၂ နှစ်ကြာစစ်ပွဲ အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ ပထမဆုံး တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တောင်အာဖရိကနိုင်ငံမှာ အောက်တိုဘာ ၂၅ ရက်ကစတင်ခဲ့ပြီး အောက်တိုဘာ ၃၀ ရက်မှာ ဆွေးနွေးပွဲပြီးဆုံးမယ်လို့ တောင်အာဖရိကအစိုးရက ပြောပါတယ်။
ဒါဟာ အာဖရိကတိုက်ရဲ့ ဒုတိယလူဦးရေအများဆုံးနိုင်ငံမှာ လူထောင်ချီသေဆုံးပြီး လူထောင်သောင်းချီ အငတ်ဘေးဆိုက်ကာ လူသန်းချီ အိုးအိမ်မဲ့ဖြစ်စေတဲ့ အာဖရိက ဦးချိုစွန်းဒေသကို မတည်မငြိမ်ဖြစ်စေတဲ့ ပဋိပက္ခ အဆုံးသတ်ရေး အခွင့်အလမ်းတရပ်လည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း တီဂရေးမှာရှိတဲ့ မြို့ကြီးအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး အစိုးရက စစ်မြေပြင်မှာ သိသာထင်ရှားတဲ့ အကျိုးအမြတ်တွေ ရနေချိန်မှာ အာဖရိကသမဂ္ဂက ကြားဝင်ဖျန်ဖြေပေးတဲ့ ဆွေးနွေးပွဲ စတင်ခဲ့တာပါ။
အိမ်နီးချင်း အီရီထရီးယားနိုင်ငံက မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ အစိုးရရဲ့ ထိုးစစ်က အရပ်သားတွေကို ပိုအန္တရာယ်ဖြစ်စေမှာကိုလည်း စိုးရိမ်နေကြပါတယ်။
အာဖရိကန်၊ အမေရိကန်နဲ့ ဥရောပခေါင်းဆောင်တွေနဲ့ အပစ်အခတ်ရပ်စဲရေး အရေးတကြီး ဆွေးနွေးဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကပါ တောင်းဆိုခဲ့ပါတယ်။
အာဖရိကသမဂ္ဂ ဖျန်ဖြေရေးအဖွဲ့ကို နိုင်ဂျီးရီးယားသမ္မတဟောင်း အိုလူရှီဂံ အိုဘာစန်ဂျို၊ ကင်ညာသမ္မတဟောင်း အူဟူရူ ကင်ညတ်တာနဲ့ တောင်အာဖရိက ဒုတိယသမ္မတဟောင်း ဖမ်းဇီးယဲ မလမ်ဘို အန်ဂျီစီယူကာတို့ ဦးဆောင်ခဲ့ပါတယ်။