အီသီယိုးပီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်

အီသီယိုးပီးယားစစ်တပ်နဲ့ နိုင်ငံမြောက်ပိုင်းဒေသမှာ ခြေကုပ်ယူထားတဲ့ တစ်ဂရေး တပ်ဖွဲ့တွေကြား ၂ နှစ်ကြာစစ်ပွဲ အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ ပထမဆုံး တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တောင်အာဖရိကနိုင်ငံမှာ အောက်တိုဘာ ၂၅ ရက်ကစတင်ခဲ့ပြီး အောက်တိုဘာ ၃၀ ရက်မှာ ဆွေးနွေးပွဲပြီးဆုံးမယ်လို့ တောင်အာဖရိကအစိုးရက ပြောပါတယ်။
ဒါဟာ အာဖရိကတိုက်ရဲ့ ဒုတိယလူဦးရေအများဆုံးနိုင်ငံမှာ လူထောင်ချီသေဆုံးပြီး လူထောင်သောင်းချီ အငတ်ဘေးဆိုက်ကာ လူသန်းချီ အိုးအိမ်မဲ့ဖြစ်စေတဲ့ အာဖရိက ဦးချိုစွန်းဒေသကို မတည်မငြိမ်ဖြစ်စေတဲ့ ပဋိပက္ခ အဆုံးသတ်ရေး အခွင့်အလမ်းတရပ်လည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း တီဂရေးမှာရှိတဲ့ မြို့ကြီးအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး အစိုးရက စစ်မြေပြင်မှာ သိသာထင်ရှားတဲ့ အကျိုးအမြတ်တွေ ရနေချိန်မှာ အာဖရိကသမဂ္ဂက ကြားဝင်ဖျန်ဖြေပေးတဲ့ ဆွေးနွေးပွဲ စတင်ခဲ့တာပါ။
အိမ်နီးချင်း အီရီထရီးယားနိုင်ငံက မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ အစိုးရရဲ့ ထိုးစစ်က အရပ်သားတွေကို ပိုအန္တရာယ်ဖြစ်စေမှာကိုလည်း စိုးရိမ်နေကြပါတယ်။
အာဖရိကန်၊ အမေရိကန်နဲ့ ဥရောပခေါင်းဆောင်တွေနဲ့ အပစ်အခတ်ရပ်စဲရေး အရေးတကြီး ဆွေးနွေးဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကပါ တောင်းဆိုခဲ့ပါတယ်။
အာဖရိကသမဂ္ဂ ဖျန်ဖြေရေးအဖွဲ့ကို နိုင်ဂျီးရီးယားသမ္မတဟောင်း အိုလူရှီဂံ အိုဘာစန်ဂျို၊ ကင်ညာသမ္မတဟောင်း အူဟူရူ ကင်ညတ်တာနဲ့ တောင်အာဖရိက ဒုတိယသမ္မတဟောင်း ဖမ်းဇီးယဲ မလမ်ဘို အန်ဂျီစီယူကာတို့ ဦးဆောင်ခဲ့ပါတယ်။