ဩစတြေးလျနိုင်ငံဟာ ဆယ်ကျော်သက်အရွယ်တွေ အီး-စီးကရက် သောက်သုံးမှု တိုးလာတာတွေကို ရပ်တန့်ဖို့ ကြိုးပမ်းနေတာကြောင့် ဩစတြေးလျရဲ့ ဆေးလိပ်လုပ်ငန်းတွေကို ကြီးမားတဲ့ဖြိုခွင်းမှုတွေ ပြုလုပ်ပြီး စီးကရက်ဥပဒေကိုလည်း တင်းကျပ်ထားပါတယ်။
အစိုးရက လူငယ်တွေကြား ရေပန်းစားနေတဲ့ သစ်သီးအရသာပါဝင်တဲ့ တခါသုံး စီးကရက်အတုတွေကို တားမြစ်ချင်တာကြောင့် ဆေးညွှန်းမပါတဲ့ စီးကရက်အတုတွေကို တားမြစ်ထားပြီး နီကိုတင်းပမာဏကိုလည်း ကန့်သတ်ထားပါတယ်။
ကျန်းမာရေးဝန်ကြီး မက်ခ် ဘက်လာက “သူတို့က တကယ့်ဆေးလိပ်သောက်သလိုပဲ၊ တောက်ပြောင်တဲ့ ထုပ်ပိုးမှုတွေနဲ့ အရသာတွေ ထပ်ထည့်ထားတဲ့ နီကိုတင်းကို စွဲလမ်းလာတဲ့ မျိုးဆက်သစ်ပဲ” လို့ ပြောပါတယ်။
စည်းမျဉ်းအသစ်အရ ဆေးလိပ်တုတွေကို ဆေးဆိုင်တွေမှာသာ ရောင်းချရမှာဖြစ်ပြီး ဆေးဝါးအမျိုးအစားပုံစံ ထုပ်ပိုးဖို့ လိုအပ်ပါတယ်။
အီး-စီးကရက်တွေဟာ ဩစတြေးလျမှာ အပန်းဖြေစရာ ထုတ်ကုန်တခုဖြစ်လာပြီး အများစုက ဆေးလိပ်သောက်ဖို့ အလားအလာများတဲ့ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေကို ရောင်းချတာလို့ မစ္စတာ ဘက်လာက ဆိုပါတယ်။
အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်ကြား ဩစတြေးလျနိုင်ငံသား ၂၂ ရာခိုင်နှုန်းဟာ အီး-စီးကရက် ဒါမှမဟုတ် ဆေးလိပ်တုကိရိယာကို အနည်းဆုံး တကြိမ်စီ အသုံးပြုခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ခွန်ကဲန်ခရိုင်ထဲမှာ ဘတ် ၆ သန်းကျော်တန်ဖိုးရှိတဲ့ အီးစီးကရက်နဲ့ ကုန်ကြမ်းပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ နောင်ခိုင်အကောက်ခွန်ဦးစီးဌာန အမှတ် ၂ တာဝန်ရှိသူတွေက ဩဂုတ် ၁၀ ရက် ညနေမှာ သတင်းစာရှင်းလင်းပါတယ်။
ထိုင်းအရှေ့မြောက်ပိုင်းခရိုင်အချို့ရှိ အလယ်တန်းကျောင်းသားနဲ့ လူငယ်လေးတွေကြားမှာ အီးစီးကရက်ဝယ်သောက်နေကြတာကို သိရှိရတဲ့အတွက် လိုက်လံစုံစမ်းရာမှာ အချို့က အွန်လိုင်းပေါ်ကနေ ရောင်းချသလို အချို့ကအခြားကုန်ပစ္စည်းတွေကို အရှေ့ကနေ ဘန်းပြရောင်းချပြီး အနောက်မှာ အီးစီးကရက်ရောင်းနေတာ သိရှိရတယ်လို့ အမှတ် ၂ အကောက်ခွန် ဦးစီးဌာနညွှန်မှူး နိုင်းဖလွမ့်ချိုင်း ဆနိတ်ဝုန်းက ပြောပါတယ်။
ဒါကြောင့် နယ်မြေခံရဲတပ်ဖွဲ့တွေနဲ့အတူ ထုတ်လုပ်ရောင်းချတဲ့ နေရာပေါင်း ၆ နေရာကို သွား ရောက်ဖမ်းဆီးသိမ်းဆည်းခဲ့ရာမှာ ဘတ် ၆ သန်းကျော်တန်ဖိုးရှိ ရသာစုံ အီးစီးကရက်အမျိုးမျိုး၊ ကုန်ကြမ်းပစ္စည်းအပါအဝင် အမယ်စုံ ၁၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
အီးစီးကရက်ထဲမှာ လူကိုဘေးဖြစ်စေတဲ့ နီကိုတင်းဓာတ်တွေပါဝင်ကြောင်း၊ အထူးသဖြင့် ကျောင်းသားရွယ်လူငယ်တွေအတွက် အန္တရာယ်ရှိလို့ ဥပဒေအရ တင်သွင်းခွင့်၊ တင်ပို့ရောင်းချခွင့် တားမြစ်ပစ္စည်းဖြစ်တယ်လို့ အကောက်ခွန်ညွှန်မှူးက ပြောပါတယ်။
ထိုင်းနိုင်ငံထဲမှာ အီးစီးကရက်ထုတ်လုပ်ရောင်းချပါက ဥပဒေအရ ထောင်ဒဏ် ၅ နှစ်ထက်မပို ငွေဒဏ် ဘတ် ၅ သိန်းထက်မပို ဒါမှမဟုတ် ငွေဒဏ်ရောထောင်ဒဏ်ပါ နှစ်မျိုးလုံးကျခံရမယ်လို့ ဆိုပါတယ်။
ကိုးကား - khaosod.co.th