close

ထိုင်းအရှေ့မြောက်ပိုင်းတွင် ဘတ် ၆ သန်းကျော်တန်ဖိုးရှိ အီးစီးကရက်များ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ခွန်ကဲန်ခရိုင်ထဲမှာ ဘတ် ၆ သန်းကျော်တန်ဖိုးရှိတဲ့ အီးစီးကရက်နဲ့  ကုန်ကြမ်းပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ နောင်ခိုင်အကောက်ခွန်ဦးစီးဌာန အမှတ် ၂ တာဝန်ရှိသူတွေက ဩဂုတ် ၁၀ ရက် ညနေမှာ သတင်းစာရှင်းလင်းပါတယ်။ 

ထိုင်းအရှေ့မြောက်ပိုင်းခရိုင်အချို့ရှိ အလယ်တန်းကျောင်းသားနဲ့ လူငယ်လေးတွေကြားမှာ အီးစီးကရက်ဝယ်သောက်နေကြတာကို သိရှိရတဲ့အတွက် လိုက်လံစုံစမ်းရာမှာ အချို့က အွန်လိုင်းပေါ်ကနေ ရောင်းချသလို အချို့ကအခြားကုန်ပစ္စည်းတွေကို အရှေ့ကနေ ဘန်းပြရောင်းချပြီး အနောက်မှာ အီးစီးကရက်ရောင်းနေတာ သိရှိရတယ်လို့ အမှတ် ၂ အကောက်ခွန် ဦးစီးဌာနညွှန်မှူး နိုင်းဖလွမ့်ချိုင်း ဆနိတ်ဝုန်းက ပြောပါတယ်။ 

ဒါကြောင့် နယ်မြေခံရဲတပ်ဖွဲ့တွေနဲ့အတူ ထုတ်လုပ်ရောင်းချတဲ့ နေရာပေါင်း ၆ နေရာကို သွား ရောက်ဖမ်းဆီးသိမ်းဆည်းခဲ့ရာမှာ  ဘတ် ၆ သန်းကျော်တန်ဖိုးရှိ ရသာစုံ အီးစီးကရက်အမျိုးမျိုး၊ ကုန်ကြမ်းပစ္စည်းအပါအဝင် အမယ်စုံ ၁၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ 

အီးစီးကရက်ထဲမှာ လူကိုဘေးဖြစ်စေတဲ့ နီကိုတင်းဓာတ်တွေပါဝင်ကြောင်း၊ အထူးသဖြင့် ကျောင်းသားရွယ်လူငယ်တွေအတွက် အန္တရာယ်ရှိလို့ ဥပဒေအရ တင်သွင်းခွင့်၊ တင်ပို့ရောင်းချခွင့် တားမြစ်ပစ္စည်းဖြစ်တယ်လို့ အကောက်ခွန်ညွှန်မှူးက ပြောပါတယ်။ 

ထိုင်းနိုင်ငံထဲမှာ အီးစီးကရက်ထုတ်လုပ်ရောင်းချပါက ဥပဒေအရ ထောင်ဒဏ် ၅ နှစ်ထက်မပို ငွေဒဏ် ဘတ် ၅ သိန်းထက်မပို ဒါမှမဟုတ် ငွေဒဏ်ရောထောင်ဒဏ်ပါ နှစ်မျိုးလုံးကျခံရမယ်လို့ ဆိုပါတယ်။   

  ကိုးကား - khaosod.co.th

//
Up